0

ရေကြောက်သူ(အကြည်တော်)

Posted by ဖြိုးဇာနည် on Wednesday, March 04, 2009 in
ကွန်ပြူတာရှေ့ထိုင်ပြီးဘာရေးရမှန်းမသိတော့တာနဲ့အရင်တုန်းကဖတ်ဖူးပြီးဒီနေ့ပဲသူငယ်ချင်းတွေကိုလ္ဘက်ရည်ဆိုင်မှာပူပူနွေးနွေး
ဖောက်သည်ချခဲ့တဲ့အကြောင်းလေးကိုBlogကသယ်ရင်းတွေကိုလည်းပြန်ပြီးဖောက်သည်ချလိုက်ပါတယ်။ကျွန်တော်ရေးထားတဲ့
ဇတ်လမ်းမဟုတ်ဖူးနော်။ကျွန်တော်အရမ်းကြိုက်တဲ့စာရေးဆရာအကြည်တော်ရဲ့ဝထ္ထုတိုလေးတစ်ပုဒ်ပါ။ဘယ်တုန်းကဖတ်ဖူးတာလဲ
ဆိုတာကိုတော့မမှတ်မိတော့ပါဘူး။အခုကတော့ကောင်းသလိုစာစီပြီးဆရာအကြည်တော်ရဲ့လက်ရာကိုမမှီပေမဲ့အကြည်တော်ရဲ့စတိုင်
လေးတွေကိုသုံးပြီးပြန်လည်ရေးကြည့်တာပါ။

ရေကြောက်သူ(အကြည်တော်)

ကမ်းမှ ခွာလုလုဖြစ်နေသော သင်္ဘောပေါ်သို့ ကျွန်တော် ပြေးတက်လိုက်သည်။ နောက်တွင်ကျန်ခဲ့သည့် သူငယ်ချင်းက အလန့်တကြားဖြင့်-
“ဟေ့ကောင် ငါ့ကိုစောင့်ဦးလေကွာ၊ ငါ့ကိုစောင့်ဦး”
သူငယ်ချင်းခမျာ ကမ်းမှ တစ်ပေခန့်ကွာနေပြီဖြစ်သော သင်္ဘောပေါ်သို့ ခုန်မတက်ရဲဘဲ ကုန်းပေါင်ပေါ်တွင် ယက်ကန်ယက်ကန် ဖြစ်နေသည်။
“ဟေ့ကောင်၊ ခုန်တက်လိုက်လေကွာ မင်းကျန်ခဲ့မယ်၊ ကျန်ခဲ့မယ်”
“ဟ ငါမခုန်ရဲဘူး၊ မခုန်ရဲဘူး”
သူငယ်ချင်းမှာ အကြောက်အကန် ငြင်းဆန်သည်။
“ခုန်လိုက်စမ်းပါ၊ ဘာမှမဖြစ်ဘူး၊ ခုန် ခုန်”
ကျွန်တော်၏ အလောတကြီးစကားကြောင့် သူငယ်ချင်းမှာ မခုန်ရဲခုန်ရဲဖြင့် ခုန်တက်လိုက်သည်။
“ယစ်”
သူ့ခန္ဓာကိုယ်က သင်္ဘောပေါ် အတော်လေးကို ရောက်လာသည်။ သင်္ဘောပေါ် ရောက်သည်အထိ သူငယ်ချင်းမှာ မျက်လုံးကို မဖွင့်ရဲသေး။ ကတုန်ကယင်ဖြင့် ကျွန်တော့်ကို ကြောက်လန့်တကြား ဖက်တွယ်ထားတုန်း။
သင်္ဘောပေါ် နေရာတစ်ခုရအောင် လိုက်ရှာ၍ သူငယ်ချင်းဖြစ်သူကို ထိုင်ခိုင်းရင်း
“မင်းကွာ ရေကို ဒီလောက်တောင် ကြောက်ရလား” ဟု ဆိုလိုက်ရာ သူငယ်ချင်းမှာ အကြောက်မပြေသေးသော မျက်နှာနှင့် “ကြောက်တာပေါ့ကွာ၊ ကြောက်လွန်းလို့ ရေတောင်မချိုးဘူး”
ကြောက်လန့်နေသည့်ကြားက အရွှန်းဖောက်လိုက်သော သူငယ်ချင်း၏ စကားကြောင့်ရယ်ဖြစ်၏။ နောက်မှ -
“မင်း ဘာကြောင့် ရေကို ဒီလောက်တောင် ကြောက်ရတာလဲကွာ”
ကျွန်တော်၏အမေးကို သူငယ်ချင်းဖြစ်သူမှ -
“ငါ ငယ်ငယ်က စမ်းချောင်းတစ်ခုမှာ ရေနစ်ဖူးတယ်ကွ။ အဲဒီကတည်းက ရေဆိုရင် မမြင်ချင်လောက်အောင် ကြောက်တာ။ ဒါကြောင့် ရေချိုးမယ်ဆိုရင်တောင် ဘုရား၊ တရား၊ သံဃာ သုံးခွက်ပဲ။ ရည်းစားရှိတုန်းကမှ သူနဲ့ချိန်းတွေ့ရင် မိဘ၊ ဆရာ ပေါင်းပြီး ငါးခွက်ချိုးတာ။
သူငယ်ချင်း၏စကားကြောင့် ကျွန်တော် သက်ပြင်းချမိ၏။
“ဟုတ်တယ်ကွ၊ ရေဆိုတာ လူကိုအကျိုးပြုပေမယ့် တခါတရံကျတော့ အင်မတန်ကြောက်ဖို့ကောင်းတယ်ကွ”
“မှန်လိုက်တာကွာ၊ အဲဒီစကား သွေးထွက်အောင်မှန်တယ်”
သူငယ်ချင်း၏ စကားသံမဟုတ်။ ကျွန်တော်သတိမထားမိခင် အနားရောက်နေသော လူတစ်ဦးက အားရပါးရ ၀င်ထောက်ခံလိုက်သောအသံ။
ထိုလူက ကျွန်တော်တို့အနားမှာ ခပ်တည်တည်နှင့် ၀င်ထိုင်လိုက်သည်။ ဒီတော့မှ ထိုသူမှာ အသက်သိပ်မကြီးသေးသော လူလတ်အရွယ်ခန့်သာ ရှိသေးကြောင်း သိရ၏။ သူ၏ စုတ်ပြတ်သော အ၀တ်အဆင်၊ ညစ်ထည်းနေသော မျက်နှာကြောင့် ထင်သည်ထက်ပို၍ ကြီးနေသယောင် ထင်ရခြင်းဖြစ်၏။
“ရေဆိုတာ အင်မတန်ကြောက်စရာကောင်းတယ်ဆိုတာ ကြုံဖူးတဲ့သူက ပိုသိတယ်ဗျ”
သင်္ဘောက မြစ်ကျဉ်းတစ်ခုကို ကျော်ဖြတ်ရန် တာစူနေပြီ။
“ကျုပ်ကတော့ ကိုယ်တွေ့ဗျ။ နောက်ပြီး ရေထက်ပိုကြောက်စရာကောင်းတာ ရှိသေးတယ်”
ကျွန်တော်နှင့် သူငယ်ချင်း တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်မိသည်။ နောက် အပျင်းပြေ စကားပြောသွားရရင်လည်း မဆိုးဘူးဟု စိတ်ကူးမိပြီး ထိုသူ၏ စကားကို ထောက်ခံပေးလိုက်သည်။
“လုပ်ပါဦးဗျ။ ရေထက်ကြောက်စရာကောင်းတာ ဘာလဲ”
ကျွန်တော်၏စကားကို အားတက်သရောဖြင့်-
“လူလေဗျာ၊ လူ့လောကမှာ ကြောက်စရာအကောင်းဆုံးက လူတွေပဲပေါ့ဗျ”
ထိုသူ၏စကားကြောင့် ကျွန်တော်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်မိသည်။ သူကိုယ်တိုင်လည်း လူဖြစ်နေပါလျက်နဲ့ လူကိုအပြစ်တင်နေသည် မဟုတ်ပါလား။ ထိုသူကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ရဲ့ မီးသေနေသော ဆေးပေါ့လိပ်ကို မီးညှိလိုက်သည်။ အတန်ကြာမှ-
“ဟုတ်တယ်ဗျ၊ ကျုပ်အရင်က လောကမှာ ရေဆိုတာ ကြောက်စရာအကောင်းဆုံးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ရေနဲ့လူကို တွဲပြီး မြင်လိုက်ရတဲ့အချိန်မှာ လူဟာ ရေထက်ကြောက်စရာကောင်းမှန်း သိလိုက်ရတယ်”
ထိုသူ၏ ထူးထူးဆန်းဆန်း စကားကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး စိတ်ဝင်စားမိသွားကြ၏။ ထို့ကြောင့်-
“လုပ်စမ်းပါဦးဗျ။ လူနဲ့ရေကို တွဲဖက်ပြီး သိခဲ့ရတဲ့ အတွေ့အကြုံ” ဆိုတော့ ထိုလူက သူ၏ အဓိပ္ပါယ်ဖော်ဆောင်ရ ခက်လှသော မျက်လုံးကို ၀င့်ကြည့်ပြီး-
“ကြာအင်းဆိပ်ကြီးမှာ သင်္ဘောမှောက်တုန်းကပေါ့ဗျာ”
သူ့စကားကြောင့် ကျွန်တော်တို့ ပိုစိတ်ဝင်စားသွားသည်။ ဟိုလူက စကားကို ထပ်မဆက်ဘဲ ဆေးပေါ့လိပ်ကို ရဲခနဲ ဖွာလိုက်သည်။ ပြီးမှ-
“အဲဒီတုန်းက ကျုပ်လည်း အဲဒီသင်္ဘောပေါ် ပါသွားခဲ့တာလေ”
“သြော်”
ကျွန်တော်လည်း သိချင်စိတ်နဲ့ ငြိမ်နေလိုက်သည်။
“အဲဒီတော့မှ ကျုပ်လည်းသိတော့တယ်။ လူဆိုတာမျိုးက ဘယ်ဘုရားသခင်ကမှ ချွတ်လို့မရတဲ့ လောဘသားတွေဗျ ဟားဟား”
သူ့စကားကို သူသဘောကျစွာ ရယ်လိုက်သည်။ ကျွန်တော်ကသာ အတွန့်တက်ပြီး-
“ခင်ဗျားက ဘာလို့ အဲဒီလို ပြောနိုင်တာလဲဗျ”
ကျွန်တော့်စကားကို ဟိုလူက ပြုံးလိုက်သည်။ ပြီးမှ -
“ခင်ဗျားပဲ စဉ်းစားကြည့်လေ။ သင်္ဘောမှောက်လို့ အားလုံး ရေထဲနစ်နေတဲ့အချိန်ကျမှ အမေရေ၊ အဘရေ၊ ဘုရားရေ တတော့တာ။ အဲ- အဲဒါတင်ပဲလားဆိုတော့ ကျုပ်ကလည်း ရေကူးကျွမ်းကျင်တော့ သူတို့ကို ကယ်တာပေါ့ဗျ”
“သြော်”
“အဲဒီလိုကယ်လိုက်မှ လူတိုင်းဟာ လောဘသားကောင်တွေမှန်း သိရတော့တယ်”
“ဘာလို့လဲ”
“ခင်ဗျားစဉ်းစားကြည့်လေ။ သင်္ဘောက ကမ်းနဲ့ နှစ်ဖာလုံလောက် ဝေးတာ။ အဲဒါကို ကျုပ်က အားကြိုးမာန်တက်နဲ့ အသက်စွန့်ပြီး တစ်ယောက်ပြီးတစ်ယောက် ကယ်တာ။ ကျုပ်ကိုတော့ ကျေးဇူးမတင်ကြဘဲ ငါ့ပိုက်ဆံထုပ်ကြီး ကျန်ခဲ့လို့ ရှာပေးပါဦး။ ငါ့သားလေးပျောက်လို့ လုပ်ပါဦး၊ ငါ့ပစ္စည်းတွေတော့ ကုန်ပါပြီ။ လုပ်ပါဦး ယူပေးပါဦး စသည်ဖြင့် အော်နေကြတာ။ အော်နေကြတာ။ လောဘတက်ပြီး အော်နေကြတာ ဟားဟား”
သူ့ပြက်လုံးကို သဘောကျစွာ ရယ်ပြန်၏။ ပြီးမှ ဆေးလိပ်ကိုဖွာပြီး
“ခင်ဗျားစဉ်းစားကြည့်လေ၊ ကယ်ရတဲ့လူက တစ်ယောက် နှစ်ယောက်ဆို တော်ပါသေးရဲ့ဗျာ။ အားလုံး ဆယ်ရှစ်ယောက်တောင်ဆိုတော့ စဉ်းစားသာကြည့်ပေတော့”
သူ့စကားကြောင့် ကျွန်တော်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်မိသည်။ ကမ်းနှင့် နှစ်ဖာလုံအကွာအဝေးသို့ လူဆယ့်ရှစ်ယောက် ကယ်ခဲ့တယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး။ ရေထဲတွင် လူတစ်ယောက်ကို ကယ်ဖို့ဆိုတာတောင် အတော်ပင်မလွယ်ဘူး။ ရေမကူးတတ်သည့်လူက ထုံးစံအတိုင်း ရထဲရုန်းကန်တတ်သည်။ ထိုအခါမျိုးတွင် ကယ်ဆယ်သူက ရေနစ်သူအား မေ့မြောအောင်လုပ်ပြီးမှ ကယ်တင်ရသည်။ တစ်ယောက်ထဲကိုပင် လူနှစ်ယောက် သုံးယောက် ၀ိုင်းပြီး ခက်ခက်ခဲခဲ ကယ်တင်ရသည် မဟုတ်ပါလား။ အခု ထိုသူက လူဆယ့်ရှစ်ယောက်ကို လက်ပစ်ကူးကယ်ခဲ့သည်ဆိုတာကတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ ကျွန်တော်တို့လည်း ရွဲ့ချင်စိတ်ဖြင့် -
“လုပ်စမ်းပါဦးဗျ။ ခင်ဗျား လူဆယ့်ရှစ်ယောက်လောက် ကယ်ခဲ့တယ်ဆိုတာ”
ထိုတော့မှ ဣနြေ္ဒပင်မပျက်ဘဲ အစီခံထိလု ဆေးလိပ်တိုကိုဖွာပြီး -
“သိပ်ထူးဆန်းတာပေါ့ဗျာ၊ လေး ငါးယောက် ကယ်ပြီးတဲ့အချိန်မှာ ကျုပ်ကြွက်တက်နေပြီဗျ။ ဒါပေမဲ့ လူတွေကို ကယ်တင်ချင်စိတ်နဲ့ အားတင်းပြီး ကယ်ခဲ့တယ်။ လူကိုးယောက်လောက် ကယ်ပြီးတဲ့အချိန်မှာ ကျုပ်ကြားနေရတဲ့ လောဘသားကောင်တွေရဲ့ အသံတွေ၊ ပင်ပန်းမှုတွေနဲ့ ကျုပ်လက်လျှော့လိုက်မလို့ စိတ်ကူးသေးတယ်။ ဒါပေမဲ့ မျက်ကလဲဆန်ပျာ ဖြစ်နေတဲ့ ရေထဲကလူတွေကို မြင်ပြီး ကျုပ် မနေနိုင်ပြန်ဘူး။ ဒါနဲ့ပဲ အားတင်းပြီး သင်္ဘောဆီ ပြန်ကူးသွားမိတယ်”
“သြော်”
“ပြောရဦးမယ်ဗျ၊ အဲဒီအချိန်မှာ ကျုပ်ခြေထောက်နှစ်ဖက်က ကြွက်တက်ပြီး ကောက်ကွေးကုန်ပြီဗျ။ ဒါပေမယ့် ကျုပ်ရဲ့ သန်မာနေသေးတဲ့ ဟောဒီလက်နှစ်ဖက်ကို သုံးပြီး ရောက်အောင်သွားသေးတယ်”
သူပြောတဲ့လက်မောင်းက ပိန်လှီပြီးသေးကွေးကွေးပါ။ ရေထဲ လက်ချည်းကူးပြီး ကယ်ဖို့ မဖြစ်နိုင်မှန်းသိ၏။ သို့သော် ဘာမှမပြောဖြစ်။
“အဲဒီလက်နှစ်ဖက်နဲ့ ကမ်းပေါ်ကို တစ်ယောက်ပြီးတစ်ယောက် တွန်းတင်သေးတယ်”
စီးလာသော သင်္ဘောက ကမ်းကပ်ရန် ပြင်နေပြီ။ ဇာတ်လမ်းက မဆုံးသေး၍ သိချင်စိတ်ဖြင့် ကျွန်တော်တို့ ထိုင်နေမိတုန်း။ ဒါကို သူငယ်ချင်းက မရိုးမရွနဲ့-
“အဲဒါနဲ့ ဘာဖြစ်သေးလဲ”
“ဆယ့်ရှစ်ယောက်မြောက်လူကို ကမ်းပေါ်တွန်းတင်ပြီး ဘယ်လိုမှမဟန်နိုင်တဲ့အဆုံး ကျုပ်လည်း ရေထဲ မြှုပ်ကျသွားတော့တယ်”
“နောက်-နောက် ဘာဖြစ်သွားသေးလဲ”
သိချင်စိတ်နှင့် အလောတကြီးအမေး၊ ဟိုလူ့မျက်နှာ ချက်ချင်း မာတက်သွားပြီး-
“သေသွားတယ်လေဗျာ၊ ကျုပ်သေသွားတယ်။ အဲဒီ လောဘသားကောင်တွေကို ကယ်လို့ ကျုပ်သေသွားတာ”
“ဗျာ”
ထိုသူ့စကားကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး မျက်လုံးပြူးပြူး၊ ပါးစပ်ကြီးအဟောင်းသားနှင့် ငြိမ်နေမိသည်။ ဟိုလူကတော့ ငေါက်ခနဲ ထပြီး-
“အဲဒါကြောင့်ပြောတာပေါ့။ ရေထက်ကြောက်စရာကောင်းတာ လောဘသားကောင်ဖြစ်တဲ့လူတွေလို့။ တောက်- ကျုပ်က အသက်နဲ့ရင်းပြီးမှ သိခဲ့ရတာ။ ကဲ-သွားမယ်ဗျာ။ ခင်ဗျားတို့လည်း ဆင်ခြင်ကြပေါ့။ ဒီတစ်ခေါက် သင်္ဘောမှောက်ရင်တော့ ကျုပ်မကယ်တော့ဘူး။ ရေလည်းကြောက်သွားပြီ။ လူလည်းကြောက်သွားပြီဗျာ” ဟုဆိုပြီး ဆိုက်ကပ်နေပြီဖြစ်သော သင်္ဘောပေါ်မှ ခပ်တည်တည်နဲ့ ဆင်းချသွားသည်။ ကျွန်တော်တို့နှစ်ယောက်သာ အံ့အားသင့်စိတ်နှင့် မျက်လုံးကြီးပြူးပြီး သင်္ဘောပေါ် ထိုင်နေမိတုန်း။

ဖြိုးဇာနည့်ည့၁၂း၁၅တိတိ

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.