3

ကိုယ့်ရဲ့ကောင်းကင်

Posted by ဖြိုးဇာနည် on Wednesday, August 08, 2012 in



ငယ်ငယ်တုန်းက  ကိုယ်ရဲ့ကောင်းကင်ဆိုတာ  နေ့အခါမှာဆိုရင် ရွှေ့လျှားနေတဲ့တိမ်တွေဖြစ်ပြီး

ညအခါမှာဆိုရင်တော့ အလင်းနွေးနွေးလေးပို့လွှတ်ပေးတတ်တဲ့လမင်း တစ်စင်းလို့သာမြင်တတ်

ခဲ့တယ်။လိုအပ်ရင် ကောင်းကင်ကိုမော့ကြည့်ပြီး ထမင်းဆီဆမ်းကိုရွှေလင်ဗန်းနဲ့တောင် တောင်း

ခဲ့လိုက်သေးတယ်။တကယ်ရမရသေချာမသိခဲ့ပေမဲ့ တောင်းရတာကို ပျော်နေခဲ့တယ်။


ကလေးဆိုတဲ့အရွယ်ကိုရလာတော့  ကိုယ့်ရဲ့ကောင်းကင်ဆိုတာ  နေ့အခါမှာဆိုရင် ကြောက်စိတ်တွေ

ကို မြေကြီးထဲတွန်းပို့ထားပေးပြီး လွတ်လပ်စွာဆော့ကစားရတဲ့အချိန်တွေကို ပေးစွမ်းထားတဲ့ ကာလ

တစ်ခုလို့သတ်မှတ်ပြီး ညအခါမှာဆိုရင်တော့ ကိုယ့်ကို အပေါ့သွားဖို့ရာအတွက်တောင်အဖော်ရှာပြီးမှ

ထွက်ရဲတဲ့ သတ္တိမျိုးကိုဖြစ်ပေါ်လာစေအောင် ပြုလုပ်ပေးတဲ့ ကာလတစ်ခုလို့မြင်တတ်ခဲ့တယ်။


အရွယ်နဲနဲရလာတော့  ကိုယ့်ရဲ့ကောင်းကင်ဆိုတာ  နေ့အခါမှာဆိုရင် ပူပြင်းတတ်တဲ့ ခရမ်းလွန်ရောင်

ချည်တွေပို့လွှတ်တတ်တဲ့နေရာအဖြစ်သတ်မှတ်ပြီး  ညအခါမှာဆိုရင်တော့  ဂစ်တာတစ်လက်နဲ့သံစဉ်

တွေ မွှေနှောက်ရာအချိန်ကာလတစ်ခုလို့ သတ်မှတ်ခဲ့မိပြန်တယ်။


တစ်ဆစ်ချိုးပြီးပြင်းလာချိန်မှာတော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင် ချစ်စရာသူ့မျက်

နှာလေးကို အလွမ်းပြေအခါခါကြည့်ရူနိုင်အောင် ပုံဖော်ပေးထားတဲ့ ပန်းချီကားတစ်ချပ်လို့ မြင်ယောင်

ခဲ့ပြီး ညအခါမှာဆိုရင်တော့  ချစ်သူ့ရဲ့ တစ်နေ့တာအပြုံး ချိုချိုလေးတွေကို  ကောင်းကင်ပေါ်မှာသိမ်း

ဆည်းထားသမျှ ကျွန်တော့်ဆီပြန်လည် ချွေချပေးပြီး ကျွန်တော့်အိမ်မက်တွေကို အလှဆင်ပေးနေတဲ့

သံတမန်တစ်ဦးလို့လဲ သတ်မှတ်ခဲ့ရပြန်တယ်လေ။


ဘဝဆိုတာကိုနားလည်တတ်တဲ့အရွယ်ရောက်တော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင်

အိမ်သူကို စိတ်မချလို့ ရုံးကနေအိမ်ကိုပဲပြန်ချင်နေတဲ့ ကာလတစ်ခုအဖြစ်သတ်မှတ်ပြီး ညဆိုရင်တော့

ချစ်ရသူ ပခုံးလေးကိုမှီပြီး တိမ်မဖုံးတဖုံး လတစ်စင်းကို ငေးကြည့်ရင်း သူရွတ်ပြတဲ့ကဗျာလှလှကလေး

တွေကို ခံစားစံစားရာအချိန်ကာလတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ရပြန်ပါတယ်။


လူဖြစ်လာပြီလို့သတ်မှတ်ရတဲ့အရွယ်ကိုရောက်တော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင်

စကားမပီကလာ ပီကလာနဲ့ ဂျီကျတတ်တဲ့ကလေးတစ်ယောက်ရဲ့ စကားတွေကို အပြုံးနဲ့နားဆင် နိုင်

အောင်ပေးစွမ်းတဲ့အချိန်တခုအဖြစ်သတ်မှတ်လာပြီး ညအခါမှာဆိုရင်တော့ အနမ်းဖွဖွလေးနဲ့ မရိုးနိုင်

တဲ့ပုံပြင်ရှည်တွေကို တဖွဖွ ပြောပြရင်း ချစ်စရာကလေးငယ်နဲ့အတူ အပန်းဖြေအိပ်စက်အနားယူတဲ့

အချိန်တွေလို့ သဘောထားဖြစ်ခဲ့တယ်။


လောကကြီးအကြောင်းကိုကောင်းကောင်းသိလာတဲ့အရွယ်ကိုရောက်တော့ ကိုယ့်ရဲ့ကောင်းကင်ဆို

တာဟာ နေ့အခါမှာဆိုရင် ချစ်လှစွာသော မြေးလေးတွေ အိမ်ကိုများလာလည်ကြမလားလို့ မျော်နေရ

တဲ့အချိန်တစ်ခုအဖြစ်ခံယူရင်း ညအခါမှာဆိုရင်လဲ  မျှော်လင့်ချက်တွေကို ချိုးနှိမ်ရင်း  ဖေဖေတို့ နေ

ကောင်းကြရဲ့လားဆိုတဲ့ ဖုန်းသံလေးကိုမျှော်နေမိကြရတဲ့ အချိန်ကာလတစ်ခုပဲပေါ့။


သင်္ခါရသဘောတရားကိုကောင်းစွာနားလည်ရင်း နောင်တတွေကိုထိတွေ့မိစေတဲ့ အရွယ်ကိုရောက်

တော့ ကိုယ့်ရဲ့ကောင်းကင်ဆိုတာ နေ့အခါမှာဆိုရင် လျှစ်လျှူရှုထားမိတဲ့ ကာလရှည်တစ်လျှောက်

လုံးအတွက်နောင်တတွေ နဲ့အတူသတိယ လွမ်းဆွတ်မိတဲ့အချိန်တွေဖြစ်လာစေခဲ့ပြီး ညအခါမှာဆိုရင်

တော့  အပြုံးလှလှလေးတွေနဲ့ ပြုံးပြနေတဲ့ မိဘနှစ်ပါးကို ဦးခိုက် ကန်တော့နိုင်စေဖို့ ဖြန့်ကျက် ပုံဖော်

ပေးထားတဲ့ ကောင်းကင်ကြီးတစ်ခု ကိုယ့်အပေါ်ရောက်လာစေတဲ့





ကြိုးစားလျှက့် ဖြိုးဇာနည်
ည့၁၂ နာရီတိတိ


3 Comments


ချစ်သူ့ရဲ့ တစ်နေ့တာအပြုံး ချိုချိုလေးတွေကို ကောင်းကင်ပေါ်မှာသိမ်း
ဆည်းထားသမျှ ကျွန်တော့်ဆီပြန်လည် ချွေချပေးပြီး ကျွန်တော့်အိမ်မက်တွေကို အလှဆင်ပေးနေတဲ့
သံတမန်တစ်ဦးလို့လဲ သတ်မှတ်ခဲ့ရပြန်တယ်လေ-----စကားလုံးသုံးထားတာတွေ အရမ်းကိုနူးညံ့လာပြီ တဖြေးဖြေး ရိုးရဲ့လားဗျို့


နေ့နဲ့ ညကို ရေးဖွဲ့ ထားတာဖတ်လို့ ကောင်းသားပဲ..
ရေးတတ်တဲ့သူတွေဆိုတော့ဘယ်လိုရေးရေးကောင်းနေကြတာပါပဲလေ..:)


လိုအပ်ရင် ကောင်းကင်ကိုမော့ကြည့်ပြီး ထမင်းဆီဆမ်းကိုရွှေလင်ဗန်းနဲ့တောင် တောင်း
ခဲ့လိုက်သေးတယ်။တကယ်ရမရသေချာမသိခဲ့ပေမဲ့ တောင်းရတာကို ပျော်နေခဲ့တယ်။
အဲ့အချိန်တုန်းက ကောင်းကင်ကြီးကိုပဲ အရမ်းကျေနပ်မိပါတယ်၊ အရမ်းလည်းချစ်မိတယ်၊ ခုချိန်ထိလည်းမှတ်မိတုန်းပဲ။
ခင်တက်တဲ့
လေပြေချို

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.