4

လားရှိုးမြို့၏ချစ်သူပုံပြင်

Posted by ဖြိုးဇာနည် on Saturday, February 28, 2009 in
လားရှိုးမြို့၏ချစ်သူပုံပြင်

လာရှိုးအလွမ်းပြေလားရှိုးတက္ကသိုလ်အကြောင်းရေးပေမဲ့ကျွန်တော်ဟာအခုလားရှိုးကိုမပြန်ဖြစ်သေးတဲ့အတွက်ဓါတ်ပုံလေးကို
တော့"မနိုင်းနိုင်း"ကျေးဇူးနဲ့ပဲတင်ထားလိုက်နိုင်ပါတယ်။"မနိုင်းနိုင်း"ရိုက်လာတဲ့လားရှိုးနည်းပညာတက္ကသိုလ်ပုံကိုပဲအခုကျွန်တော်ရေး
နေတဲ့တက္ကသိုလ်အဖြစ်အစားထိုးပြီးတင်ထားပါတယ်။ပြီးတော့အလွမ်းပြေဓါတ်ပုံလေးတွေကိုခွင့်တောင်းစရာမလိုပဲယူသုံးနိုင်ပါသည်
ဆိုတဲ့"မနိုင်းနိုင်း"ကိုအထူးပဲကျေးဇူးတင်ပါတယ်။


လူတချို့အတွက် အချစ်သည် ပန်းခြံထဲရှိ ခုံတန်းလျားများပေါ်တွင်ဖြစ်သည်။ လူတချို့အတွက် အချစ်သည် လက်ဖက်ရည်ဆိုင်၏ ထောင့်စွန်းစားပွဲ၌ ဖြစ်သည်။ လူတချို့အတွက် အချစ်သည် လမ်းမတစ်နေရာတွင် ဖြစ်သည်။ လူတချို့အတွက် အချစ်သည် ခရေပင်ကြီးများ အောက်တွင်ဖြစ်သည်။ လူတချို့အတွက် အချစ်သည် မြို့မဈေးထဲတွင် ဖြစ်သည်။ လူတချို့အတွက် အချစ်သည်
အဝေးပြေး ကားတစ်စီးပေါ်တွင် ဖြစ်သည်။

ကျွန်တော့်အတွက်တော့ အချစ်သည် တက္ကသိုလ်တစ်ခုတွင် ဖြစ်သည်။ ထို့ထက်ပိုပြောရလျှင် လားရှိုးတက္ကသိုလ် ဥပဒေဆောင် ဒုတိယနှစ် အခန်း၌ ဖြစ်သည်။

ထို့ထက်ပို၍ပြောရလျှင် လားရှိုးတက္ကသိုလ် ဥပဒေဆောင် ဒုတိယနှစ်အခန်းရှိ “ဒေး” ဆိုသည့် ကောင်မလေးဖြစ်ပါသည်။

သစ်ရွက်အစိမ်းတွေမှာ လေထဲတွင် လှပစွာ လှုပ်ယိမ်း ကစားလျက်ရှိ၏။ “Mother Love” ကင်တင်းရှိ ပလတ်စတစ်ထိုင်ခုံ အဝါရောင်လေးတွေကို ကျွန်တော် သဘောကျစွာ ကြည့်မိသည်။ ဒီဆိုင်မှ အစားအသောက်တွေကို ဒေး က သဘောကျသည်ဟု ကျွန်တော့်ကို ပြောဖူး၏။ ကျွန်တော်နှင့် သူမကြားတွင် နူးညံ့ငြိမ်သက်သော အခြေအနေသည် ရိုးရိုးလေးနှင့် ရင်ခုန်စရာ ကောင်းခဲ့သည်။

ဆောင်းရာသီ၏ အဦးအဖျား နှင်းစက်တို့က ချစ်စရာကောင်းသော သူမနှင့် ကျွန်တာ့်ကို တွေ့ဆုံပေးခဲ့ဟန်တူသည်။ ပုံမှန်အဖြစ်အပျက်များ ကြားတွင် ကျွန်တော်တို့နှစ်ယောက်သည် ရင်းနှီးသည့် သူငယ်ချင်းတွေ ဖြစ်ခဲ့၏။ အချိန်ခပ်တိုတို အတွင်းမှာပင် ကျွန်တော်တို့က အံ့သြစရာကောင်းလောက်အောင် ချည်နှောင်မိခဲ့ကြသည်။

အခုတော့ ကျွန်တော်တစ်ယောက်ထဲ သူမနှင့် ပတ်သက်သော အမှတ်တရများကို လျှောက်ငေးကြည့်နေမိတော့သည်။

တစ်ခါတုန်းက တက္ကသိုလ် ရေကူးအသင်းတွင် သူကမ ရေကူးကဒ် လုပ်ခဲ့ဖူးသည်။ လမ်းဘေး မုန့်ဟင်းခါးတစ်ပွဲကို နှစ်သက်စွာ စားခဲ့ဖူးသည်။ ဈေးအနားရှိ စာအုပ်ဆိုင်များတွင် ကျွန်တော်တို့ လျှောက်သွားခဲ့ဖူးသည်။ ကျွန်တော့် ကဗျာတွေကို သူများနားလည်အောင် ရှင်းပြခိုင်း၍ ကျွန်တော် ရူးချင်ခဲ့ဖူးသည်။ (ကျွန်တော်က ကဗျာကို ရှင်းပြ၍မရဟု ယုံကြည်ထားသူ ဖြစ်၏။) သေးကွေးသောကမ္ဘာထဲ ထောင့်အစွန်းတစ်ခုတွင် ကျွန်တော်က သူမကို စာအုပ်တစ်အုပ်လို ထိုင်ဖတ်နေချင်ခဲ့ဖူးသည်။ တစ်ပတ်ကို သုံးရက်နှုန်းဖြင့် ညနက်သန်းခေါင်အထိ ကျွန်တော်တို့နှစ်ယောက် ဖုန်းထိုင်ပြောခဲ့ဖူးသည်။ သူမ၏ လက်သည်းခွံတွေကို ကျွန်တော် ကိုင်ကြည့်ခဲ့ဖူးသည်။ တက္ကသိုလ်စာကြည့်တိုက်ထဲတွင် ကျွန်တော် လိုက်နာရမည့် စည်းကမ်းများကို သူမ လက်ရေး မညီမညာတွေဖြင့် ရေးခဲ့ဖူးသည်။ ကျွန်တော်တို့သည် လုပ်ခဲ့ဖူးတာတွေ တော်တော်များများ ရှိခဲ့ပြီး၊ မလုပ်ခဲ့ဖူးတာတွေလည်း တော်တော်များခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် အားလုံးမှာ အသုံးမကျသော ၀လုံးများကဲ့သို့ ဖြူစင်မှု ရိုးသားမှု အပြည့် ရှိခဲ့လေသည်။ ကစားပွဲဆန်သော အနိုင်အရှုံး ကိစ္စများသည်။ ကျွန်တော်တို့နှစ်ယောက်ကြားတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

ဘ၀၏ မသဲကွဲသော အမှန်တရားများအတွင်း တိတ်ဆိတ်စွာ နေတတ်ဖို့သာ လိုအပ်ပါသည်။ ဒေး သည် ပုံမှန်အနေအထားများကို ထိန်းသိမ်းထားချင်သူ၊ လှုပ်ခတ်နေသော ရေပြင်ညီများကို ငေးကြည့်နေတတ်သူ၊ ဖုန်းပြောရတာကို ၀ါသနာပါသူ၊ အချစ်ကို ရယ်စရာလုပ်ပစ်သော မာရေကျောရေ ကောင်မလေးတစ်ယောက်သာ ဖြစ်သည်။

နောင်တစ်ချိန်တွင် ကျွန်တော်တို့၏ ဇာတ်လမ်းကို တက္ကသိုလ် ပရ၀ုဏ်အတွင်းရှိ လူတွေ၊ ခွေးတွေ၊ ပုတ်သင်ညိုတွေ၊ ငှက်တွေ၊ ကင်းလိပ်ချောတွေ၊ နွားတွေ၊ ပုရွက်ဆိတ်တွေ.. အစရှိသော သက်ရှိများအားလုံးက မေ့သွားနိုင်ပါသည်။

ဒေး သည် ထိုအခြေအနေကို ကျေနပ်လိမ့်မည်ဟု ယူဆရပြီး ကျွန်တော်ကတော့ မကျေနပ်သဖြင့် အဖြစ်အပျက်တချို့အား ဒီဝတ္ထုဖြင့် မှတ်တမ်းထိုးလိုက်ပါသည်။

“ကလေး…”

တစ်ခုသော ညဦးပိုင်းတွင် ကျွန်တော်က ဒေး ကို ထိုသို့ ခေါ်လိုက်မိသည်။ အရာရာကို အံ့သြသင့်ဖို့ ကျွန်တော်က အသင့် ပြင်ဆင်ထားပြီးပြီ။

သူမက ကျွန်တော့် အခေါ်အဝေါ်ကို သဘောတူလိုက်၏။ ကျွန်တော် မအံ့သြနိုင်တော့ပေ။ ပျော်ရွှင်မှု၏ အထက်တွင် ဘာအံ့သြစရာမှ မရှိကြောင်း ကျွန်တော် သိလိုက်ရ၏။ ကျွန်တော်နှင့်သူမ ကြားရှိ ရိုးသားမှုသည် “အချစ်” ဆိုသည့် ရှုပ်ထွေးဆန်းကြယ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ခဲ့ပါသည်။

ဒေး တို့ အခန်းရှေ့က ကော်ရစ်ဒါပေါ်တွင် ကျွန်တော့်ခြေရာတွေ ရှုပ်ယှက်ခတ်နေခဲ့ဖူး၏။ ကျွန်တော့်ကို ဥပဒေ ဒုတိယနှစ်
ကျောင်းသားတစ်ယောက်ဟု ထင်ရလောက်အောင် ကျွန်တော်က သူမတို့အဆောင်ဖက်တွင် အနေများခဲ့သည်။

ရုတ်တရက် ကျွန်တော်သည် ဒေး ၏ သေးသေးကွေးကွေး လက်ဖ၀ါးလေးကို လွမ်းလာ၏။ လားရှိုးတက္ကသိုလ်ထဲက လယ်ကန်သင်းရိုးများကြားတွင် ကျွန်တော်တို့ နှစ်ယောက်ထဲ ငါးမျှားဖို့ ကြံစည်ခဲ့ဖူးသည်။

အရှိန်အ၀ါ ကြီးမားသော နာမည်ကျော် "ဆေးတက္ကသိုလ်"ကြီးများ အကြောင်းကို ကျွန်တော်က သူမကို ပြောပြတော့ ဒေး မျက်လုံးတို့မှာ အစိမ်းရောင်တစ်မျိုး ယှက်သန်းသွားတာ ကျွန်တော် သတိထားမိသည်။

ကျွန်တော်တို့ခေတ်၏ "ဆေးတက္ကသိုလ်"တွင် ချိတ်ထမီနှင့် ဘန်ကောက်ပုဆိုး မရှိ။ ဒေါင်းတံဆိပ်နှင့် သခင်စိတ် မရှိ။ ဘီတဲလ်နှင့် မွန်ရိုး မရှိ။ ဟိုးလပ်နှင့် အလန်ဂျင်းစဘတ်(စ်) မရှိ။ ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်း မရှိ။ ကျွန်တော်တို့ တက္ကသိုလ်သည် သိန်းဖေမြင့်နှင့် ငြိမ်းကျော်တို့၏ ၀တ္ထုတွေထဲကလို တက္ကသိုလ်မျိုးလည်း မဟုတ်။ ပြီးတော့ ဇ၀နနှင့် ခင်မျိုးချစ်တို့၏ ကောလိပ်ကျောင်းသား၊ ကောလိပ်ကျောင်းသူတွေလည်း မရှိကြချေ။ ကျွန်တော်တို့ တက္ကသိုလ် တွင် လေးဖြူနှင့် ဟစ်ပ်ဟော့ပ်ရှိသည်။ သင်ဇာဝင့်ကျော်နှင့် အိန္ဒြာကျော်ဇင်ရှိသည်။ မိုဘိုင်းဖုန်းနှင့် ပွဲစားလိုလို ကျောင်းသားလိုလို ကောင်တွေ ရှိသည်။ ဆံပင်အနီရောင်ဆိုးသော ယဉ်ကျေးမှုနှင့် ညံ့ဖျင်းသည့် အုပ်စုဖွဲ့နေထိုင်မှု ရှိသည်။ နောက်… ရာဇာနေ၀င်းနှင့် ဒေးဗစ်ဘက်ဟမ်းကို အားကျ အထင်ကြီးမှုကလည်း ဒုနှင့်ဒေး ရှိသေးသည်။

ထိုကဲ့သို့သော အခြေအနေများနှင့် ရှုပ်ထွေးသည့် အနေအထားအတွင်းမှာ ကျွန်တော်သည် ဒေး တို့တက္ကသိုလ်အတွင်း နူးညံ့သည့်အချစ်ကို ရှင်သန်အောင် မွေးမြူရန်မှာ အတော် ခက်ခဲလေသည်။

ကျွန်တော်သည်လည်းကောင်း၊ ဒေး သည်လည်းကောင်း တိတ်ဆိတ်စွာ မျက်လုံးချင်း၊ တယ်လီဖုန်းချင်း စကားပြောရတာကို အရသာရှိကြသည်။ ငြင်းခုံရန်ဖြစ်ရခြင်းများကို ခုံမင်ကြသည်။ သူမက သူမကို စိတ်ဝင်စားနေသည့် ကောင်လေးများအကြောင်းကို ကျွန်တော့်ကို တိုင်ပင်တတ်ပြီး ကျွန်တော်ကလည်း ကျွန်တော်နှင့် ဘာညာ ဘာညာ ကောင်မလေးတွေအကြောင်းကို သူမအား ပြောပြတတ်၏။ ထိုအချိန်များတွင် ကျွန်တော်က အမြဲ သ၀န်တိုတတ်သော်လည်း ဒေး ကတော့ အမြဲရယ်မောနေခဲ့သည်ချည်း ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ကျွန်တော်နှင့် ဒေး ၏ ဆက်ဆံရေးသည် လှုပ်ရှားနေသော ငြိမ်သက်ခြင်းများသာ ဖြစ်ပါသည်။

လားရှိုးတက္ကသိုလ်သည် ဖြူနီပြာဝါ ကောင်မလေးများစွာတို့၏ ရင်ဘတ်ထဲက အဖြူရောင်နယ်မြေ ဖြစ်သည်။ ဂျပ်ဆင်နှင့် သစ်ပုတ်ပင်ကြီး မရှိသော်လည်း ရိုးစင်းသည့် အချစ်ဇာတ်လမ်းတွေကတော့ မေဂျာအနှံ့တွင် ရှိသည်။ နိုင်ငံတကာအမြင်ရှိပြီး မာကျောသည့် လူငယ် ကဗျာဆရာ တချို့လည်း ရှိသည်။

ကိုယ့်ပျော်ရွှင်မှုကို ဈေးကွက်တင်ရောင်းစားကြသော ငွေကြေးဝါဒီ လူအနည်းငယ် ရှိကြ၏။ ထိုလူတန်းစားမျိုးကို ကျွန်တော်တို့ တက္ကသိုလ်တွင် မြင်ရသောအခါ ကျွန်တော်က ရွံရှာမိပါသည်။

ဒေး ကတော့ ကျွန်တော့်ကို သိပ်အစွန်းမရောက်ဖို့ ပြောပြတတ်ပြီး ကျွန်တော်က သူမ၏ လူသိနည်းသော အလှတရားအကြောင်း စဉ်းစားနေခဲ့သည်။

“ကလေး… မနက်ဖြန်ကျရင် ဆံပင်တွေရှေ့မှာ ကျစ်ဆံမြီး သေးသေးလေး နှစ်ခု သုံးခုလောက် လုပ်ခဲ့နော်၊ ကိုယ်ကြည့်ချင်လို့”

“ဟင့်အင်း… မလုပ်ဘူး၊ လူကိုများ သူကြည့်ဖို့အရုပ် ကျနေတာပဲ”

ဒေးသည် ထိုသို့ ကျွန်တော့်ကို အမြဲ အတိုက်အခံ ပြောတတ်သော်လည်း တကယ်တမ်း မနက်ဖြန်သို့ ရောက်သောအခါ သူမခေါင်းတွင် ကျစ်ဆံမြီးလေးများကို မြင်တွေ့ရလေ့ ရှိပါသည်။

ထိုအခါ ကျွန်တော်က ပြုံးစေ့စေ့ လုပ်နေလျှင်…

“ဒါ လုပ်ချင်လို့ လုပ်လာတာမဟုတ်ဘူး။ အိမ်က အစ်မက လုပ်ပေးလိုက်လို့ ငြိမ်ခံလာရတာ…” ဟု သူမက မလုံခြုံစွာ ဖြေရှင်းတတ်၏။ မှုန်ဝေသော ဆောင်းရာသီ နောက်ခံပန်းချီကားအတွင်း ဒေး သည် ကျွန်တော့်အတွက် အဆုံးမရှိသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။

ဒီလိုနှင့် သချာင်္ဆောင်ရှိ အကြောင်းအရာနှင့် ရှုခင်းများကို သူမကြောင့် ကျွန်တော်က အလွတ်ကျက်ထားမိခဲ့၏။ လိုအပ်လျှင် ကျွန်တော့်အချစ်တွေ သက်သေပြရန်ဖြစ်ပါသည်။ သို့သော်… အချစ်သည် သက်သေပြစရာ မလိုဘဲ ထူးဆန်းသည့် ခံစားမှုများ ဖြစ်သောကြောင့် ကျွန်တော့်ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်ခဲ့ရသည်။

တက္ကသိုလ်ဆိုသည်မှာ ပညာရေးသက်သက်မဟုတ်။ တက္ကသိုလ်ဆိုတာ အမျိုးသားရေး၊ ယဉ်ကျေးမှု၊ ဘ၀တန်ဖိုးများကို တည်ဆောက်ရာ၊ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာအထိ ဖြစ်ပါသည်။

ကျွန်တော်တို့ ခံယူထားသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတစ်ယောက်၏ အဓိပ္ပါယ်များတွင် အချစ်ဆိုသည့် စကားလုံးမှာ အနည်းငယ် သေးသိမ်လေသည်။ ဒေး သည် သေးငယ်သော ခံစားမှုဟု ကျွန်တော်တို့အဖြစ်အပျက်ကို ခေါင်းစဉ်တပ်လျှင် သဘောတူလိမ့်မည်မထင်ပေ။

သူမက ရယ်စရာကောင်းသော အစိတ်အပိုင်းများအား ကျွန်တော့်ထံတွင် မှတ်ပုံတင်ထားခဲ့သည်။ ကျွန်တော်တို့ ကျောင်း၏ နေရာအနှံ့တွင်ရှိသော စွယ်တော်ပင်လေးများကို ဒေး သည် အကြောင်းမဲ့ မုန်းတီးသူလည်း ဖြစ်၏။

“ဒီကျောင်းထဲမှာ ကိုယ်တို့နှစ်ယောက် စဆုံတဲ့နေ့ကို ကလေး မှတ်မိလား”

သူမသည် ရှက်သလိုလိုနှင့် ခေါင်းရမ်း၏။ မသိဘူးဆိုသည့် သဘော…။ ဒါပေမယ့် သူမ ထိုနေ့ကို အသေအချာသိမှန်း ကျွန်တော် သိပါသည်။

“ဖေဖော်ဝါရီ ၁၄ ရက်နေ့လေ…”

“မှတ်မိရင်လည်း ပြီးတာပဲ၊ ဘာဖြစ်လို့ လာပြောနေသေးလဲ”

ပြောပြီး ဒေး က ဟန်မဆောင်နိုင်ဘဲ ရယ်နေ၏။ သူမ၏ ထိုရယ်မောသံသည် တစ်ခါ တစ်ကြိမ်ထဲနှင့် ကျွန်တော့်နှလုံးသားကို အငိုက်မိစေခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက်၏ အနေအထားကို အပြစ်ပြောဖို့ စောင့်နေကြသူတွေကလည်း တိတိပပ ပြောစရာမရှိဘဲ ကြာတော့ လက်လျှော့သွားကြသည်။

ကျွန်တော်ကိုယ်တိုင်ပင် ဒေး မျက်လုံးများကို ဘာသာပြန်ရာ၌ မှားယွင်းနေဆဲ ဖြစ်၏။ ဒီလို အစစ အရာရာ သေးသေးကွေးကွေး ကောင်မလေးဆီက ကြီးကျယ်သော အကြောင်းအရာမှာ ဆင်ခြင်တုံတရား ဖြစ်နေသောအခါ ကျွန်တော်က လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မိပါသည်။

ဒေး သည် ရှားပါးသော တစ်ကြိမ်တွင် ကျွန်တော့်ကို “ကို” ဟု မတော်တဆ ခေါ်မိပြီးတဲ့နောက် တခါတရံ သူမ၏ စိတ်ကြည်လင်သည့် အခါများတွင် ကျွန်တော့်ကို ကို ဟု ခေါ်တတ်လေသည်။ ကျယ်ဝန်းသော မနက်ဖြန်များ၌ ကျွန်တော်က သူမကို အဖြူရောင်အတိုင်းပဲ ဖြတ်သန်းနေထိုင်စေလိုပါသည်။

စိတ်ညစ်စရာ ကိစ္စတွေ ကြုံတွေ့တိုင်း ကျွန်တော်က သူမဆီမှာ စကားတွေအများကြီး သွားပြောနေမိသည်။ ဒီလိုနည်းဖြင့် ရင်ထဲက ရှုပ်ထွေးလေးလံမှုများမှာ ပေါ့ပါးလာတော့၏။

သူမဘေးတွင် တခြားယောက်ျားလေးတွေက တနေ့တခြား တိုးလာသည်။ ဒေး က အားလုံးကို ပြန်ပြောပြသော်လည်း ကျွန်တော့်ထင်မြင်ချက်ကို မတောင်းတော့ပေ။ ဒါသည် မလိုအပ်တော့၍လည်း ဖြစ်နိုင်သည်။ သူမဘာသာ စဉ်းစားဖြေရှင်းနိုင်၍လည်း ဖြစ်နိုင်သည်။ ကျွန်တော် ဘုပြောလွှတ်မည်ဟု စိုးရိမ်သောကြောင့်လည်း ဖြစ်နိုင်သည်။ အားလုံး ဖြစ်နိုင်သည်။ နောက်ဆုံးတစ်ခုမှာ ကျွန်တော့်ထင်မြင်ချက်ကို မကြားရဲတာလည်း ဖြစ်နိုင်လေသည်။

ဒေး နှင့် ပတ်သက်သော မည်သည့်အရာကိုမဆို ရူးသွပ်စွာ စွဲလမ်းခဲ့ပါသည်။ လားရှိုးတက္ကသိုလ်၏ ၀ိဇ္ဇာဖက်အခြမ်းတွင် ကျွန်တော်တို့နှစ်ယောက်သည် ကျော်ကြားလာခဲ့၏။ မနက်ဖြန်တို့မှာ ညီညာသော သုညကလေးများ ဖြစ်သည်။

“ကလေး… ကိုယ် မင်းကို…”

“ဆက်ပြောလေ…”

ကျွန်တော်သည် ချောက်ကမ်းပါးထိပ်မှ စွန့်စားခန်းဆန်ဆန် ကိစ္စများအား ကို့ရို့ကားယား နိဂုံးချုပ်တတ်အောင် ကြိုးစားခဲ့ပါသည်။

“ကိုယ် မင်းကို ကားဖြေးဖြေးမောင်းဖို့ သတိပေးချင်တယ်”

သူမသည် ကြောင်အနေပြီး ခဏကြာမှ အားရပါးရ ရယ်မောလိုက်၏။ ကျွန်တော်တို့နှစ်ယောက်၏ ဘာသာစကားမလိုသော ဟာသသည် သူမခေါင်းပေါ်မှ ကျစ်ဆံမြီးလေးတွေ ဖြစ်သွားသည်။ ကျွန်တော်တစ်ယောက်ထဲသာ သိသော နူးညံ့သိမ်မွေ့သည့် ရမ္မက်တွေ ဖြစ်သွားသည်။

အခုတော့လည်း ရင်ဘတ်ထဲက လမင်းကို ပြင်ဆင်နေမိခဲ့ပြီ။ အလွမ်းများက နှင်းစက်တွေလို တဖွဲဖွဲ ကြွေကျနေ၏။ ဝေးလံတိတ်ဆိတ်သည့် တစ်နေရာတွင် ရှားပါးသော အလင်းတစ်မျိုးကို သူမက ကျွန်တော့်အတွက် ထားရစ်ခဲ့သည်။

ကုန်လွန်ခဲ့ဖူးသော အချိန်ကာလများသည်လည်းကောင်း၊ နွေးထွေးချိုမြိန်သည့် အထိအတွေ့တချို့သည်လည်းကောင်း၊ ဘ၀၏ ဖတ်စာအုပ်များကလည်းကောင်း ကျွန်တော့်မှတ်ဥာဏ်ကို ဖျားယောင်းထားနိုင်ဆဲ ဖြစ်သည်။

ဒေး ဆိုသည့် သူမနာမည်၌ မူးဝေစေသော ရနံ့တစ်မျိုး ဆွတ်ဖြန်းထားသလားဟု ကျွန်တော် သံသယဖြစ်မိသည်။ လေထုသည် ဝေဝါးပြီး မှုန်တေတေ အရသာ ဖြစ်နေ၏။ သူမ နားလည်ရန်မလိုသော ကျွန်တော့်အချစ်များကို အခန်းတစ်ခန်းတွင် ချိတ်ပိတ် သိုလှောင်ထားလိုက်ပါသည်။ (အကြောင်းမှာ နောင် လူသားသမိုင်းတွင် သူမတစ်ယောက် ကြီးကျယ်သော ကျွန်တော့်အချစ်များနှင့် ယှဉ်လျှင် သိမ်ငယ်နေမည် စိုးသောကြောင့် ဖြစ်ပါ၏။)

အနောက်ဖက်တွင် နေ၀င်တော့မည်။ ဆည်းဆာသည် ပုဇွန်ဆီရောင်များ ယှက်သန်းနေ၏။ ငှက်တချို့မှာ အိပ်တန်းပြန်သွားကြသည်။ တကယ်ဆို နေ၀င်ချိန်ကို ကျွန်တော်တို့က မုန်းခဲ့ကြဖို့ ကောင်းသည်။

နေ၀င်ချိန်၏အလှ ပြီးလျှင် အမှောင်သည် ရောက်လာတော့မည်။ ကျွန်တော်က အမှောင်ကို မုန်းသူဖြစ်သည်။ သူမ မရှိဘဲ နောက်ထပ် ရက်စွဲများကို ကျွန်တော် ဘယ်သတ္တိတွေဖြင့် ရင်ဆိုင်ရမည်နည်း။ ကမ္ဘာဦးကျမ်းထဲတွင်တော့ ဘယ်လို ခေါ်မည်မသိ…။ ကျွန်တော်က သူမကို ချစ်သည်။ သမိုင်းစာမျက်နှာများတွင် ဘယ်လို ရှိခဲ့မည်မသိ…။ ကျွန်တော်က ခေတ်ပေါ်ခံစားမှုနှင့် ရဲရင့်သစ်လွင်သော အတွေးအခေါ်ကို ချစ်သည်။

တွေးရင်းနှင့် အားလုံးသည် ရှုပ်ထွေး ဆက်ယှက်လာ၏။

“တူ…တူ…”

“ဟယ်လို…ဘယ်သူပါလဲ”

“ကိုယ်ပါ…”

“ကိုယ်ချည်းပဲလး၊ ဒါဆို ခေါင်းမပါဘူးပေါ့”

“ကလေးနဲ့ပတ်သက်ရင် ကိုယ်က ခေါင်းမရှိဘူး၊ ဆိုလိုတာက ဥာဏ်မသုံးဘူးပေါ့ကွာ၊ နှလုံးသားပဲရှိတယ်”

“ခစ်ခစ်… ခစ်ခစ်…”

ထိုသို့သော ရယ်မောသံများသည် ကျွန်တော့်နားထဲတွင် အမြဲတမ်း အမှတ်တရ ဖြစ်နေပါသည်။ ကျွန်တော်က သံယောဇဉ်၏ ရစ်ပတ်နှောင်ဖွဲ့မှုကို မကြောက်ရွံ့ဘဲ ဒေး ကို ချစ်ခဲ့မိသည်။ ဖွဖွ…။ တကယ်လို့များ ကျွန်တော်သည် သူမ၏ ရစ်ပတ်ချည်နှောင်မှုကို တစ်နေ့တွင် ကြောက်လန့်လာပါလိမ့်မည်။ ထို့အတွက် ကျွန်တော်က ယခုပင် စကားကုန် ပြောခဲ့ပါမည်။

ထိုတစ်နေ့ကို ရောက်လာလျှင် ဒီဝတ္ထုကို လက်ဝယ်ရှိသူ မည်သူမဆို ကျွန်တော့်ထံတွင် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် လာရောက်လဲလှယ်နိုင်ပါသည်။ သို့သော် မိတ္တူပွားခွင့်မပေးပါ။ ပထမဆုံးအကြိမ် ယခုရေးထားသောမူရင်းအတိုင်း print ထုတ်ထားခြင်းဖြစ်ရပါမည်။ သင့်အနေဖြင့် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံသည့်အနေဖြင့် ဒီဝတ္ထုပါသော စာကို printထုတ်၍သိမ်းထားဖို့ လိုအပ်သည်ဟု ကျွန်တော် ပြောချင်ပါသည်။

အနီးစပ်ဆုံး သဲလွန်စအဖြစ် ပြောရလျှင် ကျွန်တော်က ဒေး ၏ ချည်နှောင်မှုကို ကြောက်ရွံ့လာမည့်နေ့သည် ကျွန်တော် သေဆုံးသွားသောနေ့ ဖြစ်ပါသည်။

ချွင်းချက်အနေနဲ့ကျွန်တော်ဒီနှစ်ထဲမှာလားရှိုးကိုပြန်ဖြစ်အုံးမှာပါ။ကျွန်တော်လားရှိုးမှာရှိနေတဲ့အတောအတွင်းမှာလာလည်
နိုင်မယ်ဆိုရင်လာလည်ကြဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။
ဖြိုးဇာနည့်နေ့လည့်၁း၅၀တိတိ

4 Comments


ကောင်းလိုက်တဲ့ဝတ္ထု ... ;-) ကျမလဲ လားရှိုး ကို လွမ်းမိတယ်...


လွမ်းရင်​လာခဲ့​လေ


This comment has been removed by the author.

နည်းနည်း​ပေါတယ်

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.