0

ကျွန်တော်ငိုနေသလား

Posted by ဖြိုးဇာနည် on Monday, March 02, 2009 in
*ကျွန်တော်ငိုနေသလား *

မငိုပါနဲ့
မနက်ဖြန် နံနက် နေရောင်လာတဲ့အချိန်မှာ ပိုပြီးနေသာသွားလိမ့်မယ် ကလေး... ဒါကြောင့် ဒီည မငိုပါနဲ့လား ဒါကြောင့် ဒီည မငိုပါနဲ့လား ဒါကြောင့် ဒီည မငိုပါနဲ့လားကွယ် မင်းဦးခေါင်းထက်မှာ ကောင်းကင်ဘုံဟာ ရှိနေတယ်။

ဒါကြောင့် မငိုပါနဲ့ ဒီည မငိုပါနဲ့' အဲဒါ Gun N Roses ရဲ့ သီချင်းတစ်ပုဒ်ပဲ။ အဲဒီသီချင်းကို အင်တာနက်ထဲကနေ ရတယ်။ အဲဒီနေ့ဟာ မတ်လရဲ့ လဆန်းရက်တစ်ရက်။ လားရှိုးကနေ ကျိုင်းတုံကို ထွက်မလာခင် တစ်ရက်လေ။ နောက် ရက် နံနက် 7 နာရီ မှာကားနဲ့ မန္တလေးကို ထွက်လာရတော့မယ်။မန္တလေးကနေတဆင့်လေယာဉ်နဲ့ ကျိုင်းတုံဆီကိုပေါ့။

အဲဒီညနေက ဒေး နဲ့ Green point ဆိုတဲ့အင်တာနက်ဆိုင်မှာ ချိန်းထားခဲ့တယ်လေ။ ကျွန်တော်က ထုံးစံအတိုင်း နောက်ကျတယ်ပေါ့။ ၁၅ မိနစ်လောက် နောက်ကျပြီးမှ ရောက်သွားတယ်။ အိမ်မှာ လိုအပ်တာလေးတွေ(လက်စသတ်စရာလေးတွေ)ကို အပြီးသတ်နေရလို့ပါ။
သူက ခွဲရမှာအတွက် ၀မ်းနည်းနေတာရယ်၊ နောက်ကျတာရယ် ပေါင်းပြီး စိတ်ထိခိုက်နေတယ် ထင်ပါရဲ့။ ကျွန်တော် ရောက်သွားတော့ ကွန်ပျူတာ မော်နီတာရှေ့က ကီးဘုတ်ခုံပေါ်မှာ မျက်နှာကို ငုံ့ရင်း မျက်ရည်ကျတယ်။ ကျွန်တော် ဘာပြောရမှန်း မသိဘူး။ ဘယ် လို စကားစရမှန်း မသိဘူး။ ကျွန်တော့်ရင်ထဲမှာ လည်း ၀မ်းနည်းကြေကွဲနေတယ်။ မော်နီတာပေါ်က ဂူဂဲလ်ရှာဖွေရေးစက်မှာ Don't Cry ဆိုတဲ့ စာသားကို ရိုက်ထည့်လိုက်တဲ့အခါ ၀က်ဘ်ဆိုက် ပေါင်းများစွာကို ဂူးဂဲလ်က စာရင်း လုပ်ပေးတယ်။ အဲဒီဝက်ဘ်ဆိုက်တွေထဲက ထိပ်ဆုံးမှာ ပေါ်နေတဲ့ ဆိုက်တစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါမှာ Gun N Roses ရဲ့ Don't Cry ဆိုတဲ့ သီချင်း စာသားထွက်ကျလာတယ်။

'ငါ့ကို တိုးတိုးကလေး ပြောလေ မင်းမျက်လုံးထဲက တစ်စုံတစ်ရာကို ကြေကွဲမှုနဲ့ အဲဒီလို ခေါင်းငုံ့မနေပါနဲ့ ပြီးတော့... ငိုလည်း မငိုလိုက်ပါနဲ့ မင်းရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ ငါ သိပါတယ်..'

အဲဒါကို ပရင့်နှစ်ရွက်ထုတ်ပြီး ထိပ်မှာ လက်မှတ်နဲ့ ရက်စွဲကို ထိုးလိုက်တယ်။ ပြီးတော့ တစ်ရွက်ကို လှမ်းပေးတော့ သူက 'ဘာလဲ'လို့ ခပ်တိုးတိုး ပြောတယ်။ 'ဖတ်ပြီး သိမ်းထားဖို့' တစ်ရွက်ကိုတော့ ကျွန်တော် ယူထားလိုက် တယ်။

'... ငါ့ကို တိုးတိုးပြောလေ ငါ့ကို အရိပ်အယောင်တော့ ပြကွာ ဂွတ်ဘိုင်လို နှုတ်ဆက်စကားမဆိုခင် ငါ့ကို အနမ်းတစ်ခုတော့ ပေးပါ ဒါကို ပြင်းပြင်းထန်ထန် မခံစားပါနဲ့လား ပြီးတော့ ဆိုးဆိုးရွားရွား မတွေးပါနဲ့လား မင်းကို ငါ အမြဲသတိရနေမှာပါ ငါတို့ အတူရှိခဲ့တဲ့ အချိန်တွေကိုရောပေါ့နော် ကလေး'

အဲဒီအခါမှာတော့ သူ အငိုတိတ်သွားပါပြီ။ ငိုတာကို မချော့တတ်တဲ့ ကျွန်တော့်အတွက် အင်တာနက်က ကူချော့ပေးလိုက်သလိုပါပဲ။ဒီည မငိုပါနဲ့လား

'မင်းကို ငါ ချစ်နေဆဲပါ ကလေး ဒီည မငိုပါနဲ့လား ဒီညတော့ မငိုပါနဲ့လားကွယ် မင်းရှေ့မှာ နတ်ဘုံနတ်နန်းတစ်ခု ရှိနေသားပဲ ဒါကြောင့် ဒီညတော့ မငိုပါနဲ့...'

အင်တာနက်ဆိုင်မှာ ပိုက်ဆံရှင်းပြီး ကျွန်တော်တို့ ထွက်လာခဲ့ကြတယ်။ လားရှိုး ပန်းခြံအနောက်ဖက်ခြမ်း၊ သစ်ပင်ရိပ်တွေ အောက်က ခုံတန်းတွေဆီကိုဦးတည်ခဲ့ပါတယ်။ ညနေတိုင်း လာနေကျ ကျွန်တော်တို့ရဲ့ နေရာလေ။ မြင့်မားပြီး အုပ်ဆိုင်းတဲ့ ပင်မြင့်ပင်စောက် တစ်ပင်အောက်မှာ ၀င်ထိုင်ဖြစ်တယ်။ သူ မျက်ရည် မခြောက်သေးတဲ့ မျက်ဝန်း တွေနဲ့ ကျွန်တော့်ကို ကြည့်တယ်။

'ဘာကြောင့် ကျိုင်းတုံ ကို သွားမှာလဲ။ ဒေး ကို တကယ်ချစ်တယ်ဆိုရင် ဒေး ကို ခွဲပြီး ဘာ ကြောင့် ကျိုင်းတုံ ကို သွားနေဦးမှာလဲ။ ဒီမှာပဲ နေ ပါ။ ဒီမှာပဲ အလုပ်လုပ်ပါလားဟင်'

ကျွန်တော် ဘယ်လို ပြန်ဖြေရမှာလဲ။ သူ့ကိုချစ်လျက်နဲ့ ချစ်သူနဲ့ခွဲပြီး ကျိုင်းတုံ မှာ ကျွန်တော် ဘာသွားလုပ်မှာလဲ။ လားရှိုး မှာ ဘာကြောင့် မနေချင်ရတာလဲ။ ငိုင်တွေနေတဲ့ ကျွန်တော့်ကို သူ အတင်း အကျပ် မမေးပါဘူး။

'ကျိုင်းတုံမှာ အလုပ်လုပ်ချင်တယ်ဆိုတာ ကျိုင်းတုံ မှာ ပိုပြီး အတွေ့အကြုံတွေ၊ ပညာတွေ ရမယ်လို့ ထင်တယ် မဟုတ်လား။ မိုင်းလား ဆိုတဲ့တရုတ်နယ်စပ်ကို အထင်ကြီးတယ် မဟုတ်လား။ ကျိုင်းတုံ မှာ ပိုပြီး ပျော်မယ်လို့ ယူဆတယ် မဟုတ်လား'

သူ့မေးခွန်းတွေကို သူ့ဘာသာ သူ ပြန်ဖြေ နေတယ်။

'သူ့ကို စိတ်မချဘူးကွယ်။ ကျိုင်းတုံ က မိန်းကလေးတွေနဲ့ တွေ့တဲ့အခါ ဒေး ကို မေ့သွားမှာ လား'

'ကိုယ်က အဲဒီလိုလူလားကွာ။ သိရဲ့သားနဲ့။ ဘာမှ စိတ်မချဖြစ်မနေနဲ့။ ဘာမှ စိတ်ပူမနေနဲ့။ ကိုယ့်ကို ယုံတယ် မဟုတ်လား။ ကိုယ်ကလည်း ဒေး စိတ်ဆင်းရဲရမယ့်ကိစ္စတွေ ဘာတစ်ခုမှ မလုပ်ဘူး။ ကိုယ့်ကို ယုံကြည်ပေးပါ'

ကျွန်တော့်စကားဆုံးတော့ သူ ကျွန်တော့် မျက်နှာကို တွေတွေကြီးစိုက်ကြည့်ပြီး မျက်ရည် တွေ ကျလာပြန်တယ်။

'ဒေး ရယ် မငိုပါနဲ့၊ မငိုပါနဲ့'

ကျွန်တော့်ရင်ခွင်ထဲကို သူ့ကိုယ်လုံးလေးကို ဆွဲထည့်ပြီး ထွေးပွေ့ရင်း မျက်ရည်တွေကို သုတ် ပေးမိတယ်။

'ဘာလို့ ငိုတာလဲဟင်။ ဘာလို့ ငိုတာလဲ။ ကိုယ်နဲ့ခွဲရမှာကို ၀မ်းနည်းလို့လား။ ဒါမှမဟုတ် စိတ်မချလို့လား'

မျက်ရည်တွေ စီးကျနေသော သူ့ပါးပြင်ကို ကျွန်တော့်ပါးပြင်နဲ့ကပ်ပြီး ကျွန်တော် တိုးတိုးမေး မိတယ်။

'နှစ်ခုစလုံးပေါ့'

'ခွဲတယ်ဆိုတာ ခဏပါကွာ။ ကိုယ်တို့ ပြန်ဆုံ နိုင်အောင် အမြဲကြိုးစားကြမယ်နော်။ကျိုင်းတုံ သွားတယ်ဆိုတာကလည်း ကိုယ် အပျော်သွား တာမှ မဟုတ်တာ။ ကိုယ့်ဘ၀အတွက် ကိုယ့် တိုးတက်မှုအတွက် သွားတာပါ။ '
'ပြီးတော့ ကိုယ့်ကို စိတ်မချဘူးဆိုတဲ့ အတွေးကိုလည်း ခေါင်းထဲက ထုတ်ပစ်လိုက်။ အဲဒါ ကိုယ့်ရဲ့သိက္ခာကို မယုံကြည်ရာရောက် တယ်။ ကိုယ့်ကို စော်ကားရာရောက်တယ်လို့ ဒေး တွေးမိရဲ့လား'

'မဟုတ်ပါဘူး။ အဲဒီလို သဘောမျိုး မဟုတ်ပါဘူး ကိုရယ်'
'ယောက်ျားလေးတွေ ပေးနေကျ အကြောင်းပြချက်တစ်ခုဖြစ်တဲ့ လူချင်းအနေဝေးနေလို့ အနေနီးသူ တစ်ယောက်ယောက် အပေါ်မှာ တိမ်း ညွတ်မိတယ်ဆိုတာမျိုး ဖြစ်မှာကို စိုးရိမ်လို့ပါ ကို ရယ်။ ကိုယ့်ဘက်က မဟုတ်တောင် တစ်ဖက် သားက စလာတဲ့အခါ ရှောင်ရခက်နေမယ့်အဖြစ်မျိုးတွေကို တွေးမိပြီး စိတ်ပူနေမိတာပါ'

'အမယ်လေးဗျာ၊ အဲဒီလောက်ထိ စိတ်မပူပါနဲ့။ ဒီလိုဆို ကိုယ်ကရော ဒေး ကို စိတ်မပူရတော့ဘူးလား။ ဒေး ကိုရော ကိုယ် စိတ်ချလက်ချ ထားခဲ့လို့ရပါ့မလား'

ကျွန်တော့် ရင်ခွင်ထဲကနေ သူ အသာရုန်း ထွက်လိုက်တယ်။ ပြီးတော့ ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပြီး ပြောတယ်။

'ဘာလို့ အဲဒီလို ပြောရတာလဲဟင်။ ဒေး ကို စိတ်ချပါလေ။ ဒေးဘ၀မှာ ကိုတစ်ယောက် တည်း ရှိတယ်ဆိုတာ သိနေရက်သားနဲ့'

'ဒေးက ကိုယ့်ကို စိတ်မချသလို ကိုယ်က လည်း ဒေး ကို စိတ်ပူခွင့် ရှိနေတာပဲ မဟုတ် လား။ ပြီးတော့ ဒေး အလုပ်က ဘဏ်မှာဆို တော့။ လူပေါင်းစုံနဲ့ နေ့စဉ်တွေ့နေရတာ မဟုတ် လား။ လူတွေက ယုံရတာ မဟုတ်ဘူး။ လူတိုင်း ကို သတိထားပြီး ဆက်ဆံပါကွာ။ ဘယ်သူ့ကိုမှ မယုံနဲ့။ အထူးသဖြင့် ဘယ်ယောက်ျားကိုမှ မယုံနဲ့ ကြားလား'

ကျွန်တော် စိုးရိမ်စိတ်ပူစွာ ပြောတော့ သူ ကျေကျေနပ်နပ် ပြုံးပါတယ်။ ပြီးတော့

'တော်ပြီ၊ တော်ပြီ တစ်ယောက်ကို တစ်ယောက် စိတ်မချဖြစ်ပြီး စိတ်မဆင်းရဲ ကြေး။ ကိုယ်လည်း ဒေး ကို စိတ်မပူနဲ့။ ဒေး လည်း ကို့ကို စိတ်ချနေမယ်နော်... နော'

သူ့နဖူးလေးကို ကျွန်တော် ညင်သာစွာ နမ်း မိပါတယ်။ သူက ကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာ တယ်။ နှုတ်ဆက်မျက်ရည်မိုးတွေ ရွာမိကြတယ်။

'ကိုလည်း ကို့အလုပ်ထဲမှာ အတော်ဆုံးဖြစ် အောင် ကြိုးစားရမယ်နော်'

'အင်းပါ'

'ဘယ်ကောင်မလေးကိုမှ စိတ်မ၀င်စားရ ဘူး'

'အင်းပါ'

ဒီလိုနဲ့ နောက်ရက်မှာ ကားနဲ့ မန္တလေး ကို ကျွန်တော် ထွက်လာခဲ့တယ်။ကားပေါ်မှာ ပရင့်ထုတ်ထားတဲ့ စာရွက် ပေါ်က သီချင်းစာသားကို ထုတ်ကြည့်ပြီး ကျွန်တော် ကြေကွဲနေမိတယ်။ သူ ကျွန်တော့်ကို မေးတဲ့မေးခွန်းတစ်ခု ကိုလည်း ဖြေနိုင်ဖို့ ကြိုးစားရင်းနဲ့ပေါ့။ကျွန်တော် ကျိုင်းတုံ မှာ ဘာသွားလုပ်မှာ လဲ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဘာလဲ ဘုရင့်နောင်လို ဖောင်ဖျက်ပြီး ထွက်လာခဲ့ တာလား။ ဒါမှမဟုတ် မတည်ငြိမ်သေးတဲ့ စိတ်အတွေးတွေကို ပိုက်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတာလား။ မေးခွန်းတွေ။ ကျွန်တော် ကြောက်တဲ့ မေးခွန်း တွေကို ကျွန်တော် ဖြေနိုင်ရမယ်။မေးခွန်းတွေကို ကြောက်နေရင် ကျွန်တော် ဘယ်လိုခရီးဆက်မလဲ။ ဘ၀မှာ ဘယ်လိုလမ်း ဆက်လျှောက် မလဲ။ ကျွန်တော် ဘယ်သူ့အတွက် အသက်ရှင် နေတာလဲ။ကျွန်တော့်ကို မွေးဖွားခဲ့တဲ့၊ ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့တဲ့၊ ပညာတွေသင်ပေးခဲ့တဲ့ ကျွန်တော့်မိဘနှစ်ပါးအတွက်လား။ဟုတ်တယ်ဒါအမှန်ဆုံးပဲဖြစ်လိမ့်မယ် ။ ဒေး အတွက် အသက်ရှင်နေတာ မဖြစ်နိုင်ဘူး။ ဘာ ကြောင့်လဲဆိုတော့ ဒေး ဖြစ်စေချင်တဲ့ လမ်းကြောင်းကို ကျွန်တော် မလျှောက်ခဲ့ဘူး။ကျွန်တော် သံယောဇဉ်ကြီးတဲ့ ဒေး အတွက်ကျွန်တော့်ရဲ့ရက်စက်ခြင်းလား။ ဟင့်အင်း။ အခု အချိန်အထိ ဒေး ကို ကျွန်တော် ချစ်သူတစ်ယောက်အနေနဲ့ တာဝန်ကျေနေသေးပါတယ်။ ဒါဖြင့် ကျွန်တော့် ဘဝ အတွက်လား။ ဒါလည်း မဖြစ်နိုင်ပြန်ဘူး။ ချစ်သူနဲ့ ဝေးရာ ကို ကျွန်တော် ထွက်ပြေးနေပြီလေ။ ဒါဖြင့် ကျွန်တော်ဟာ မေတ္တာတရားနဲ့ ချစ်ခြင်းမေတ္တာအတွက် ရှင်သန်နေတာ မဟုတ်ဘူး။ ဒါဖြင့် ကျွန်တော့် အိပ်မက်တွေအတွက် အသက်ရှင်နေတာလား။ အိပ်မက်တွေက ဘာလဲ။ အဲဒီအိပ်မက်တွေကို တည်ဆောက်တဲ့အခါ အခက်အခဲ၊ အတားအဆီးတွေ ကြုံလာရင် ကျွန်တော် ဘယ်လို ဖြေရှင်းမလဲ။ ကျွန်တော် နောက်ပြန်လှည့်ပြေး မလား။ဘာတွေကို ကျွန်တော် ကြိုတင်ပြင်ဆင် ထားရမလဲ။
'အောင်မြင်မှု၊ ကျော်ကြားမှု၊ ငွေကြေးနှင့် ချစ်ခြင်းမေတ္တာ'...။ 'ဘယ်အရာကို ယူဆောင်ဖို့ သင် လောကထဲ ရောက်လာခဲ့သလဲ' မငိုပါနဲ့... တဲ့။ စာရွက်ပေါ်က စာလုံးအနက်လေးတွေ မှုန်ဝါးသွားကြတယ်။မှုန်ဝါးတဲ့ အနာဂတ်ထဲကို ကားကြီးစီးပြီး ကျွန်တော် ခရီးနှင်နေမိပါသလား။


guns n' roses ၏ don't cry -သီချင်းအားဤ post လေး၏အမှတ်တရအနေဖြင့်Downloadရယူနိုင်ပါသည်။
ဖြိုးဇာနည့်ည့၁၁း၄၀တိတိ


0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.