0

မနေ့ကအတိုင်းပဲ ကောင်းပါတယ်လေ

Posted by ဖြိုးဇာနည် on Saturday, March 07, 2009 in
မနေ့ကအတိုင်းပဲ ကောင်းပါတယ်လေ

“မနက်ဖြန် ဘာနေ့လဲ အစ်ကိုသိလား”

အတူတကွ နံနက်စာစားနေရင်း ကောက်ခါငင်ကာ မေးလိုက်သော အမျိုးသမီး၏ စကားကို ကြားလျှင် သူသည် စဉ်းစားဟန်ပြုကာ ဖြေလိုက်၏။

“အင်း.. နိုဝင်ဘာ ၁၃ ရက်နေ့ ထင်တာပဲ”

အမျိုးသမီးက အလိုမကျဟန်ဖြင့် မျက်လုံးပင့်ကြည့်ရင်း ထပ်ကာမေးသည်။

“သေချာစဉ်းစားပါဦး အစ်ကိုရာ”

“မနေ့က ၁၁ ရက် တနင်္လာ၊ ဒီနေ့ ၁၂ ရက် အင်္ဂါ၊ မနက်ဖြန်က ၁၃ ရက် ဗုဒ္ဓဟူးပါ၊ သေချာတယ်၊ အဲဒါ.. ဘာဖြစ်လဲကွ”

မျက်မှောင်တကုပ်ကုပ်ဖြင့် တွက်ချက်ဖြေဆိုနေသော သူ့ကို မျက်စောင်းတစ်ချက်ထိုးကာ အမျိုးသမီးက ထိုင်နေရာမှ ထသွားသည်။ သူ့ကို ကျောခိုင်း၍ ပြတင်းတံခါးဝမှာ သွားရပ်နေသော အမျိုးသမီးထံမှ ကျွတ်ခနဲ စုတ်သပ်သံတစ်ချက် ထွက်ပေါ်လာသည်။ အမျိုးသမီးသည် သူ၏အဖြေကို ကျေနပ်ပုံမရ။ စိတ်ပျက်သော လေသံဖြင့် သူမဘာသာ တစ်ယောက်တည်း (သို့သော်) သူကြားလောက်သော အသံနေအသံထားဖြင့် ညည်းညူပြောဆိုနေလေသည်။

“ကျွတ်… ဒီလောက်တုံးဖို့ မကောင်းပါဘူး။ ဒီလောက် နမော်နမဲ့နိုင်ဖို့လည်း မကောင်းပါဘူး။ တကယ်ဆို ဘာကြာသေးတာမှတ်လို့။ တစ်နှစ်ဆိုတာ တိုတောင်းလှတဲ့ အချိန်ကလေးပါ။ အမှတ်တရအဖြစ်တစ်ခုကို ဒီလောက်အချိန်ကလေး အတွင်းမှာ လွယ်လွယ်မေ့ပစ်ဖို့ မကောင်းဘူး။ ဒါ မေ့စရာလား။ ကျွန်မ စိတ်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ သစ်…သစ်နေတုန်း သတိတွေလည်း ရ.. ရနေတုန်း။ အင်းလေ.. ဒါ ဆန်းတော့မဆန်းပါဘူး။ မိန်းမနဲ့ယောက်ျား ဘာတူတာမှတ်လို့၊ ယောက်ျားတွေဟာ ဒီလိုပါပဲ။ ဘယ်အရာမဆို သူတို့စိတ်ထဲ အမှုမဲ့အမှတ်မဲ့ပဲ၊ စိတ်ညစ်စရာကို အရက်နဲ့ မေ့ဖျောက်တယ်၊ ခုလို စိတ်ပျော်စရာကျတော့ ဘာသောက်ပြီး အမှတ်ရအောင် ပြန်လုပ်ပေးမှာလဲ၊ ဒါ ဘာအကျင့်ပါလိမ့်၊ ဘယ်လောက်ဆိုးထားတဲ့ အကျင့်လဲနော်…”

တစ်ကိုယ်ရေ ညည်းညူပြောဆိုနေသည့် အမျိုးသမီးအနားတွင် သူ သွားရပ်လျှင် အမျိုးသမီးက အသံတိတ်သွားပြီး သူ့ကို မော်ကြည့်လာသည်။ တစ်စုံတစ်ရာကို ငံ့လင့်နေပုံ အထင်းသားပေါ်လွင်နေသည့် မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို ကြည့်နေကြောင်း သူ တွေ့ရ၏။ သူမ၏ မျက်လုံးများထဲသို့ တုံ့ပြန် စိုက်ငေးကြည့်ရင်း…

“မင်း ဘာပြောနေတာလဲ၊ ကိုယ်တော့ ဘာတစ်ခုမှ နားမလည်ပါလား”

“လဲ သေ လိုက်”

အမျိုးသမီးသည် သူ့အနားမှ စိတ်ဆိုးမာန်ဆိုး ထွက်သွားကာ ရုတ်တရက် ပြန်ရောက်လာပြီး သူ့လက်ထဲသို့ တစ်စုံတစ်ရာ ထည့်လာပါသည်။ ယောင်နနဖြင့် သူကြည့်မိလျှင် သူတို့နှစ်ယောက်၏ မင်္ဂလာဆောင် အ၀တ်အစားနှင့် ရိုက်ထားသည့် ဓာတ်ပုံတစ်ချပ်ကို သူ တွေ့လေသည်။ အခုမှပင် နားလည်သွားကာ သူ့နဖူးသူ ဖြန်းခနဲရိုက်လျက်…

“ဟုတ်ပါရဲ့ မင်းပြောသလို ကိုယ်ဟာ လဲသေဖို့ ကောင်းတဲ့လူပဲ”

ပြောပြောဆိုဆို သူ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်ကာလာသည်။

“နေဦးကွ၊ အခုတော့ မသေနိုင်သေးဘူး.. မနက်ဖြန်အတွက် ကိုယ်တစ်ခုခု လုပ်ပေးပါရစေဦး”

ထို့နောက် တည်ကြည်၍ လေးနက်သောအသွင်ဖြင့် စကားကို တစ်လုံးချင်း သူပြောတော့၏။

ဒီနှစ်ထဲမှာ ကိုယ်ဟာ အရမ်းကို ပင်ပန်းဆင်းရဲခဲ့တယ်၊ မင်းကို လူတန်းစေ့ ထားနိုင်ဖို့ ကြိုးစားနေခဲ့တယ်၊ ကိုယ်နဲ့ နေသမျှကာလတစ်လျှောက်လုံး ဘယ်လိုနေချင်တယ် ဘယ်လိုထိုင်ချင်တယ် မင်းဘက်က ဘာတစ်ခုမှ မပူဆာပေမယ့် မိန်းမအများစု နေထိုင်တဲ့ ပုံစံမျိုး မင်းကို ကိုယ်ထားချင်တယ်၊ ကိုယ်ဟာ စိတ်စေရာသွားတတ်တဲ့ ဂီတသမားပါ၊ ကိစ္စတစ်ခုကို စိတ်မပါရင်၊ ပြဿနာကြုံ အခက်တွေ့လာပြီဆိုရင် အရင်က ဆက်လုပ်လေ့မရှိဘူဒ၊ ရပ်ပစ်လိုက်တာချည်းပဲ၊ အခု မင်းအတွက်လို့ ခေါင်းထဲမှာ အမြဲရှိနေလေတော့ စိတ်မပါလည်းဘဲ ပြဿနာကြုံ၊ အထစ်အငေါ့ရှိလည်းပဲ ကိုယ်လုပ်ဆောင်နေမိပြီ၊ ပြဿနာ အခက်အခဲတွေကို ကိုယ်ဟာ အရက်နဲ့ မေ့ဖျောက်ဖို့ ကြိုးစားတာ မှန်တယ်… ဒါပေမယ့် မင်းကိုတော့ တစ်စက်ကလေးမှ ကိုယ်မမေ့ခဲ့ဘူး… ဒါကို ယုံ၊ ကိုယ့်လက်က ဆွဲသွားတဲ့ ဂစ်တာအိတ်ထဲမှာ ဂစ်တာနဲ့အတူ မင်းအမြဲပါတယ်၊ ဂစ်တာကြိုးတွေ တုန်ခါသွားတိုင်း ဂီတသံနဲ့အတူ မင်းအသံကို ကိုယ်အမြဲ ကြားယောင်တယ်”

သူ့စကားများကြောင့် စောစောက တင်းမာနေခဲ့သော အမျိုးသမီး၏ မျက်နှာမှာ ပျော့ပျောင်းသွားကာ အနည်းငယ် ပြုံးယောင်သမ်းလာရာက သိသိသာသာပင် ပြုံးရယ်ရွှင်မြူးလာလေသည်။ စကားရှိန်တက်လာကာ သူ ဆက်ပြောပြန်သည်။

“ညဘက်တွေ အလုပ်လုပ်နေရပေမယ့် ဘယ်တုန်းကများ ကိုယ့်အိမ်အပြန်တွေ နောက်ကျဖူးလဲ၊ ဂစ်တာသမားဖြစ်ပေမယ့် ဘယ်မိန်းကလေး အဆိုတော်နဲ့များ တရင်းတနှီး ကိုယ်နေဖူးလဲ၊ ကိုယ်နဲ့အတူ မင်း မရောက်ဖူးတဲ့ စတူဒီယိုဆိုလို့ ဒီမြို့တစ်ခွင်မှာ ရှိသေးလို့လား၊ မင်းကို ဘယ်တုန်းကများ ချန်ထားခဲ့ဖူးလဲ၊ ကိုယ်သွားလေရာ ခေါ်သွားပြီး ကိုယ့်အနားမှာ အမြဲလို ရှိစေခဲ့တယ် မဟုတ်လား…”

“ဒါတော့ ဒါပေါ့ရှင်.. ဒါနဲ့ပဲ လုံလောက်ပြီလို့ ကျွန်မတော့ မထင်မိဘူး.. ရှင်နဲ့အတူ ရှိပေမယ့် အပြည့်အ၀ရှိမနေသလို တစ်မျိုးကြီး ခံစားနေရတယ်ရှင့်”

အမျိုးသမီးက သူ့လက်မောင်းတစ်ဖက်ကို တွဲခိုကာ ကနွဲ့ကလျ ဆိုပြန်၏။

“ထားပါလေ… ဒါတွေက အရေးမကြီးပါဘူုး။ ကျွန်မ တွေးမိတာက ကျွန်မတို့ဟာ သူများဇနီးမောင်နှံတွေ အပျော်ကြီးပျော်သလိုမျိုး အရာရာကို မေ့စေတဲ့အထိ ပျော်ရွှင်မှုမျိုး မရခဲ့သေးဘူးလို့ ထင်တာပဲ၊ မင်္ဂလာသက်တမ်း တစ်နှစ်သာ ပြည့်သွားတယ် ကျွန်မတို့ ဖြတ်သန်းခဲ့သမျှထဲမှာ အကောင်းတကာ့ အကောင်းဆုံး နေ့ရက်တွေ ရှိသင့်ပါလျက်နဲ့ မရှိခဲ့သလိုပဲ.. အပျော်ကြီး ပျော်သင့်ပါလျက်နဲ့ မပျော်ခဲ့မိကြသလိုပဲ၊ အဲဒီလို ခံစားရတယ်။ တစ်ခါတစ်ခါ ညညတွေမှာ အိပ်မရပြုမရနဲ့ ထ..ထ ငိုခဲ့ရတာ အစ်ကိုမသိဘူးမဟုတ်လား၊ အစ်ကိုကတော့ ပင်ပင်ပန်းပန်း အပြင်ထွက် အလုပ်လုပ်ရလို့လား မဆိုနိုင်ဘူး၊ ပြန်လာတာနဲ့ အိပ်လိုက်တာ တုံးခနဲပဲ.. ကျွန်မမှာသာ တောင်တောင်အီအီ စဉ်းစားပြီး အစ်ကို အိပ်မောကျချိန်ကျမှ ကျွန်မရဲ့မျက်ရည်က ကျချင်ရတာလား.. ကျွန်မ မျက်ရည်ကျကာမှ အစ်ကို အိပ်မောကျချင်ရတာလား… တစ်ခါတစ်ခါ ခွဲတောင် မခွဲခြားတတ်တော့တဲ့ အထိပါပဲနော်”

ဆွေးမြည့်စွာ ညည်းညူပြောဆိုနေသော အမျိုးသမီး၏ စကားထဲမှနေ၍ သူမ၏ မျက်ရည်များအကြောင်း တစ်စွန်းတစ်စ သိလိုက်ရသည့်အခါ သူသည် များစွာ စိတ်မကောင်းဖြစ်သွားမိတော့၏။

“ဒါဖြင့် မင်းဆိုလိုတာက ဒီနှစ်အတွင်းမှာ မင်းဟာ ကိုယ်နဲ့နေရတဲ့အပေါ် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုမရှိဘူးပေါ့ ဟုတ်လားဟင်”

“အို.. ဒီလိုတော့လည်း မဟုတ်ပါဘူး၊ အင်း.. ကျွန်မပြောမယ် အစ်ကို စိတ်မဆိုးရဘူးနော်၊ ကျွန်မဆိုလိုတာက တစ်ယောက်ကိုတစ်ယောက် သမီးရည်းစားဘ၀တုန်းကလိုပဲ ချစ်ရမယ်၊ ဥပမာ-အစ်ကိုက ‘မောင်’ လို့ပြောပြီး ကျွန်မကို ‘အချစ်’ လို့ ခေါ်တာမျိုး၊ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရမယ်၊ ဥပမာ- လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ စားပွဲထိုးရောက်မလာခင် ကျွန်မအတွက်ခုံကို အစ်ကိုကပဲ နေရာချပေးတာမျိုး၊ အစ်ကိုကပဲ လက်ဖက်ရည်မှာပေးပြီး ဇွန်းနဲ့ မွှေပေးတာမျိုးပေါ့၊ ကားပေါ် အတက်အဆင်းပြုတဲ့အခါ ကားတံခါးကို အဖွင့်အပိတ်လုပ်ပေးတာမျိုး၊ ဥပမာ-လမ်းလျှောက်ထွက်တဲ့အခါ ကျွန်မလက်ကို တင်းတင်းရင်းရင်း ဆုပ်ထားတာမျိုးပေါ့… အသေးအဖွဲလေးတွေဆိုပေမယ့် ဒါတွေဟာ အမြဲလိုအပ်တဲ့ အချစ်ရဲ့ သင်္ကေတတွေပဲ မဟုတ်လား၊ တစ်ယောက်ကိုတစ်ယောက် အဲဒီလို ချစ်နေရမှာ မဟုတ်လားဟင်… တစ်နေ့တစ်ရက် မဆိုထားနဲ့ တစ်စက္ကန့်လေးတောင်မှ မရပ်နားလိုက်သင့်ဘူး”

သူက ခေါင်းကို တွင်တွင်ခါယမ်းပြီး…

“ကိုယ့်အထင်ပြောရရင် ဒီလိုမျိုး မရပ်နားတဲ့အချစ်ဆိုတာ ကာရာအိုကေ ဗီစီဒီတွေမှာ သရုပ်ဆောင်နေကြသလို ဖြစ်တော့မှာပေါ့… မိတ်ကပ်တွေ အဖွေးသားနဲ့ ကောင်မလေးကို hair cream တွေ အရွှဲသားနဲ့ ကောင်လေးက သူ့ရင်ခွင်ထဲမှာ တစ်ချိန်လုံး ဖက်ထားမယ်၊ တစ်ချိန်လုံး လက်တွဲပြီး ပြေးမယ်၊ တစ်ချိန်လုံး ပူးပူးကပ်ကပ် ထိုင်ကြမယ်၊ တစ်ယောက်မျက်နှာနား တစ်ယောက်ကပ်ပြီး တစ်ချိန်လုံး စကားတွေ ပြောကြမယ်၊ တစ်ချိန်လုံး သူတို့ ရယ်မောကြဦးမယ်၊ ဟုတ်တယ်… သူတို့က မင်းပြောသလိုပဲ တစ်ချိန်လုံး မရပ်မနား ချစ်ကြကြင်နာကြနဲ့၊ ဒါတွေဟာ ကာရာအိုကေတွေထဲမှာပဲ ရှိမပေါ့၊ သူတို့က လူတွေအမြင်မှာ ကြည့်ကောင်းဖို့ လှလှပပလေး သရုပ်ဆောင်နေကြတာကိုး.. ကိုယ်တို့က မင်းသားမင်းသမီးတွေ မဟုတ်ဘူးလေ၊ လူတွေ ကြည့်ကောင်းအောင် လုပ်ပြနေစရာမှ မလိုတာ၊ မဟုတ်ဘူးလား”

“မဟုတ်ဘူး”

အမျိုးသမီးက စိတ်အချဉ်ပေါက်လာပုံနှင့် သူ့လက်တွေထဲမှ လွန့်လူးရုန်းထွက်ရင်း အော်လိုက်၏။

“ဘေးလူအမြင်မှာ ကြည့်ကောင်းဖို့ဆိုတာမျိုး ကျွန်မ ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ဘူး၊ ကျွန်မရဲ့ ဟောသည့်မျက်လုံးတွေ အမြင်မှာပဲ ကြည်နူးဖို့ ပီတိဖြစ်ဖို့ ဒါကို ကျွန်မလိုချင်တာ သိပြီလား”

စောစောကအပြုံးများ တစ်မဟုတ်ချင်း လွင့်စင်လျက် အလိုမကျစွာ ပြောသည့် အမျိုးသမီးကို နားမလည်စွာ ပြန်ကြည့်ရင်း သူ ပြောလိုက်သည်။

“ဒီနှစ်အတွင်းမှာ ကိုယ်တို့ စိတ်ဆိုးဖူးတယ်၊ ကတောက်ကဆတ် ဖြစ်ဖူးတယ်ဆိုတာ ၀န်ခံပါတယ်၊ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် ဒုက္ခတော့ မပေးမိကြပါဘူးနော်… ခဏလေးနဲ့တင် ပြန်ပြေလည်ပြီး အပြန်အလှန် နားလည်မှု ရသွားတာချည်းပဲ မဟုတ်လား.. ဒါ အချစ်ကြောင့်မို့လို့ပေါ့၊ ဘယ်သူမဆို ဒီအတိုင်းပဲ ရှိကြမှာပါပဲ.. ကိုယ်ယုံတယ်လေ”

“အိုရှင်.. ကျွန်မတို့က ကျွန်မတို့ပဲ၊ ကိုယ့်စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို ကိုယ်ကိုယ်တိုင်ပဲ လုပ်ရမှာ၊ တခြားဘယ်သူနဲ့မှ နှိုင်းယှဉ်စရာ မလိုပါဘူး”

“ခက်တာက ကိုယ် မင်းကို မချစ်တော့ဘူးလို့ မင်းစိတ်ထဲ ထင်နေတယ်မဟုတ်လား”

“လက်မထပ်ခင်ကလောက် မချစ်တော့တာ အမှန်ပဲလို့ စွပ်စွဲရင်ရော အစ်ကို ငြင်းနိုင်ဦးမလား”

“သိပ်ကို ငြင်းနိုင်တာပေါ့၊ ဒါ ဟုတ်မှ မဟုတ်ဘဲဟာကို”

“ဟုတ်တယ်”

“မဟုတ်ရပါဘူးကွာ”

သူတို့ အပြန်အလှန် ငြင်းခုန်လိုက်ကြသည်။

“အို … ဟုတ်တယ် ကျွန်မအထင်မမှားဘူး၊ ယောက်ျားတွေဟာ ဒီလိုပါပဲ၊ မရခင်တော့ ဖျာလိုလိပ်၊ ထိပ်ပေါ်တင်၊ ရပြီးတဲ့အခါ ဖျာလိုခင်း နင်း ဆိုတာ သိပ်မှန်တဲ့စကားပဲ”

အမျိုးသမီးကို သူ စိတ်မကောင်းစွာ ကြည့်မိလေသည်။ စိတ်တွင် ငါ့ကို ဒီလို ထင်မြင်ပြောဆိုရက်တာ ‘ဒါ.. အရာရာ မျှဝေခံစား နားလည်ပါတယ်ဆိုတဲ့ ငါ့ရဲ့ အိမ်သူသက်ထားမှ ဟုတ်ပါလေစ’ ဟု တွေးမိသွားကာ ၀မ်းနည်းပက်လက် ဖြစ်သွား၏။ အမျိုးသမီး၏ လက်ချောင်းလေးများကို တယုတယ ဆွဲယူကာ အက်ကွဲသောအသံဖြင့် သူပြောသည်။

“ဒီလိုထင်နေရင်တော့ ၀မ်းနည်းစရာပဲ၊ ကိုယ် မင်းကို ဘယ်တုန်းကများ ဖျာလိုခင်း နင်းခဲ့ဖူးလဲ၊ သေချာလေးလည်း စဉ်းစားစမ်းပါဦးကွာ”

အမျိုးသမီးသည် သူ၏လက်များကို မရုန်းဖယ်သော်လည်း ကျေနပ်ခြင်းမရှိသေးသော လေသံဖြင့် မျက်လွှာပင့်ကြည့်ကာ ဆိုပြန်သည်။

“မနင်းပေမယ့် အရင်လို ထိပ်ပေါ်လည်း မတင်တော့ဘူး.. ကျစ်နေအောင်လိပ်ပြီး ရှင်နဲ့ဝေးရာ ချောင်ဂလောင်မှာ ထိုးထည့်ထားတယ် မဟုတ်လား”

“မဟုတ်သေးပါဘူးကွာ၊ ကိုယ့်အပေါင်းအသင်းတွေလာလို့ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ရင်တောင်မှ မင်းကိုခေါ်ဖို့ ကိုယ်မမေ့ခဲ့ဘူး”

“သွားစမ်းပါ၊ အပိုတွေ၊ အမှန်က ခေါ်ချင်တာထက် ထားခဲ့ရမှာကို ပိုပြီး စိတ်မချတာပါရှင်၊ ကိုယ်ဝယ်ထားတဲ့အရုပ် ပျောက်သွားမှာ စိုးစိတ်နဲ့ သွားလေရာ အိပ်ကပ်ထဲ ထည့်ယူသွားတဲ့သဘောမျိုး မဟုတ်လား၊ ပြီးတော့ ရှင် လုပ်ချင်ရင် ဘာမဆိုချက်ချင်းဖြစ်တယ် ကျွန်မလုပ်ချင်ရင်တော့ ရှင့်ကို ၃-၄ ခါ ပြောဆိုညှိနှိုင်းနေရတယ်၊ ဒါဟာ ကျွန်မကို ချောင်ထိုးထားတာမဟုတ်လို့ ဘာလဲ၊ ရှင်.. ပြောစမ်းပါဦး”

သူသည် ဒေါဖောင်းလာပုံရသော အမျိုးသမီးကို ပြန်လှန်ပြောဆိုခြင်း မပြုတော့ဘဲ အလျှော့ပေးသည့်အနေနှင့် လေချိုသွေးလိုက်သည်။

“ကဲပါကွယ်… မနက်ဖြန်မှာ ဘာလုပ်ကြရင် ကောင်းမလဲဆိုတာ စဉ်းစားကြရအောင် ဟုတ်ပြီးလား… မနက်ဖြန်မှာ ကိုယ်အလုပ်မသွားဘူး၊ မင်းလုပ်ချင်တာကိုသာ ပြောပေတော့”

“ကျွန်မ ဒီတစ်ည စဉ်းစားလိုက်ဦးမယ်၊ ပေါ့တီးပေါ့ဆတော့ လုပ်လို့မဖြစ်ဘူး၊ ကျွန်မတို့ကြားမှာ ဒီ့ထက်ထူးမြတ်တဲံ နေ့ရယ်လို့မှ မရှိတော့တာ”

“အေးပါကွာ”

နောက်တစ်နေ့နံနက်လင်းလျှင် အမျိုးသမီးသည် အနမ်းတစ်ချက်ဖြင့် သူ့ကိုလာနှိုး၏။ သူက အမျိုးသမီးကို တုံ့ပြန်အနမ်းပေးကာ…

“ကဲ .. ဘယ်လိုလဲ စဉ်းစားလို့ရပြီလား” ဟု မေးလိုက်၏။

“ရှင်သာ ကျွန်မဆိုရင် ဘာလုပ်မလဲဟင်”

“ရွှေတိဂုံဘုရား တက်မယ်ကွာ”

“ဒါ စုံတွဲအများစု ထမင်းစားရေသောက် လုပ်နေကျအလုပ်၊ ဘာမှ မထူးခြားဘူးရှင့်”

“စားစရာသောက်စရာတွေ ထည့်ယူသွားပြီး ပန်းခြံတစ်ခုမှာ သွားအနားယူမယ်ကွာ”

“ဒါ ဘာများဆန်းလို့လဲ”

“ကိုင်း ရုပ်ရှင်ကြည့်မယ် ဆိုရင်ရောကွာ”

“ဟူး.. ရိုးအီနေပြီ၊ ဒီ့ထက် နည်းနည်းလေးများ မထူးခြားနိုင်တော့ဘူးလား”

သူ အတန်ကြာငိုင်တွေသွားပြီး ရုတ်တရက် ၀မ်းသာအားရဟန်ဖြင့် စကားဆိုလိုက်လေသည်။

“မင်းသူငယ်ချင်းတွေရယ် ကိုယ့်အပေါင်းအသင်းတွေရယ်ကို ခေါ်ပြီး ဆိုင်တစ်ဆိုင်မှာ ညစာစားပွဲလုပ်ကြရင် ကောင်းမလား၊ ပြီးတော့ သူတို့ကို ဆုတောင်းခိုင်းမယ်လေ”

“အိုး… သူတို့ကဖြင့် ကျွန်မတို့ချစ်ကြတုန်းက တစ်စက်ကလေးမှ ကောင်းချီးပေးခဲ့ကြတာ မဟုတ်ဘူး၊ ခုမှ ဆုတောင်းခိုင်းနေလို့ အပိုပါပဲ”

“ကဲ..ကဲ.. မင်းပဲ ပြောပါတော့ကွာ”

“xxxxxxxx xxxxx”

အမျိုးသမီးသည် သူ့အနားသို့ တိုးကပ်ကာ သူမ၏ စိတ်ကူးနှင့် လုပ်ချင်သည့် အစီအစဉ်များကို စိတ်ဓာတ်တက်ကြွစွာ ပြောပြလျက်ရှိ၏။ သူ့အနေနှင့် ထိုကဲ့သို့သော ရူးရူးနှမ်းနှမ်း စိတ်ကူးမျိုးကို တစ်ခါမျှ မစဉ်းစားခဲ့ဖူးပါ။ သိပ်လည်း လက်မခံချင်။ သို့သော်လည်း ချစ်ခြင်းမေတ္တာ ပြခြင်းအားဖြင့် ဇနီးဖြစ်သူ၏ ပြင်းပြသော ဆန္ဒကို လိုက်လျောကာ ခွင့်ပြုလိုက်လေတော့သည်။



နောက်တစ်နေ့ညနေခင်း ၃-နာရီအချိန်တွင် သူသည် မနှစ်တစ်နှစ်ကလို သူ့အဘွား၏ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီး အမျိုးသမီးသည်လည်း သူမ၏ မိဘများ နေအိမ်သို့ ပြန်ရောက်နေပါသည်။

တယ်လီဖုန်းမြည်သံတစ်ခုကို စောင့်ဆိုင်းနေစဉ် အမျိုးသမီး၏ နှလုံးသားသည် လွန်ခဲ့သောနှစ်ကကဲ့သို့ အကြီးအကျယ်ပင် တုန်ယင်လှုပ်ရှားနေကြောင်း သူမဘာသာ သတိပြုမိ။ ထိုအခိုက် ဖုန်းမြည်သံကြား၍ စိတ်လှုပ်ရှားစွာ ကောက်ကိုင်လျှင် သူမနည်းတူ စိတ်လှုပ်ရှားနေပုံရသော အသံတစ်သံကို ကြားလိုက်ရသည်။ သူတို့၏ နှလုံးသားများသည် ကိုယ်စီ ပူနွေးလှုပ်ရှားနေကြပြီး သူတို့သည် လွန်ခဲ့သောနှစ်၏ အချိန်ကာလတစ်ခုဆီသို့ ရူးနှမ်းစွာ ပြန်ရောက်နေကြသည်။

ထိုနေ့သည် နိုဝင်ဘာလ (၁၃)ရက်နေ့ ဖြစ်ပါသည်။

“ဟန်နီလားဟင် အသင့်ဖြစ်ပြီလား၊ မောင် အခု တိုက်အောက်မှာ ရောက်နေပြီး ချက်ချင်း ဆင်းခဲ့ပေတော့”

အမျိုးသမီသည် အသင့်ပြင်ထားသော အိတ်တစ်လုံးကို ဆွဲယူကာ အပျိုမလေးအသွင်ဖြင့် အိမ်ပေါ်မှ ပြေးဆင်းသွားတော့၏။ သူတို့သည် Ever Seiko တက္ကစီကားလေး တစ်စီးကို ငှားကာ မြို့ထဲသို့ သွားကြသည်။ မြို့ထဲသို့ရောက်လျှင် ကားသမားကို ကားခရှင်းပေးပြီး အိတ်တစ်လုံးကို နှစ်ယောက်အတူဆွဲကာ ဟိုတယ်တစ်ခုသို့ ရောက်သွား၏။ ထိုဟိုတယ်သည် အမည်နာမမှတစ်ပါး ကျန်သည့်အရာအားလုံး မနှစ်ကနှင့် မတူတော့ပါ။ သို့သော် သူတို့အနေနှင့် မည်မျှပင် အသွင်ပြောင်းနေစေကာမူ သည်ဟိုတယ်ကို ကောင်းကောင်းကြီး မှတ်မိနေပါသေးသည်။ ဧည့်ကြိုကောင်တာရှေ့ရောက်သည်နှင့်…

“နှစ်ယောက်ခန်းတစ်ခန်း လိုချင်ပါတယ်”

ထိုသို့ သူပြောစဉ် အမျိုးသမီး၏ မျက်နှာသည် လွန်ခဲ့သောနှစ်ကကဲ့သို့ပင် ရဲခနဲ ရှက်သွေးဖြာလျက်ရှိကြောင်း သူ တွေ့ရ၏။

“ဟုတ်ကဲ့.. လူကြီးမင်းတို့ရဲ့ နိုင်ငံသားကတ်လေးတွေ ပေးပါ၊ ပြီးတော့ ဘယ်နှစ်ရက် တည်းခိုမယ်ဆိုတာ…”

“ဒီတစ်ညတည်းပါ”

သူဖြေ၍ လိုအပ်သည့်ကတ်များ ထုတ်ပေးစဉ် အမျိုးသမီးသည် တစ်စုံတစ်ရာကို ခုမှ စဉ်းစားမိပုံနှင့် သူ့လက်များကို ဆွဲယူဟန့်တားရင်း အလန့်တကြား မေးလိုက်သည်။

“ဟို… ဟို.. အခန်းခက ဘယ်လိုများ ယူပါသလဲရှင်”

လွန်ခဲ့သော နှစ်ကမူ အမျိုးသမီးသည် ထိုမေးခွန်းကို ထည့်သွင်း မေးမြန်းရန် စိတ်ဝင်စားမှုမရှိခဲ့ပါ။

“တစ်ညကို ကျပ်( )ပါ”

“အယ်”

အမျိုးသမီးသည် အာမေဋိတ်သံပင် ပြုမိသည်အထိ အံ့အားသင့်သွားရ၏။ အခန်းခသည် လွန်ခဲ့သောနှစ်က သူတို့ပေးခဲ့ဖူးသည်ထက် အဆမတန် ပိုများနေ၍ဖြစ်ပါသည်။

“တကယ့်ကို မယုံနိုင်စရာပဲ”

ခပ်တိုးတိုးညည်းရင်း ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားဖြစ်နေသော အမျိုးသမီးကို သူက မပြုံးမရယ်နှင့် ကြည့်နေမိသည်။ စောစောတုန်းက ရှက်သွေးဖြာလျက် ခုန်လှုပ်နေသော နှလုံးသားသည် တစ်မုဟုတ်ချင်း သူမထံပါးမှ လွင့်စင်ထွက်ခွာသွား၏။

“စိတ်တော့မရှိပါနဲ့ရှင် ကျွန်မတို့ နောက်မှပဲ…”

အမျိုးသမီက အားတုံ့အားနာဟန်ဖြင့် ဆိုမိချေသည်။ ဧည့်ကြို မိန်းကလေးက သိမ်မွေ့နားလည်သော အပြုံးဖြင့်…

“ရပါတယ် အချိန်မရွေး ကြိုဆိုလျက်ပါ” ဟု ချိုသာစွာ ပြောလေသည်။

အမျိုးသမီး၏ ဆွဲခေါ်ရာနောက်သို့ ဘုမသိဘမသိနှင့် သူ လိုက်ပါလာသည်။



အပြန်လမ်းခရီးတွင် သူက…

“ဘယ်လောက်ဖြစ်ဖြစ် ကိုယ်ပေးနိုင်သားပဲ၊ တစ်နှစ်မှတစ်ခါပဲဟာကို ကိုယ်ပေးမှာပေါ့၊ အဲဒါ ဘာဖြစ်ရတာလဲ” ဟု စိတ်မကောင်းစွာ မေးမိလိုက်၏။

“အို… အစ်ကို ပေးနိုင်ပေမယ့် ကျွန်မ မဖြုန်းနိုင်တော့ဘူး၊ တစ်ညကလေးနဲ့ ဖြုတ်ခနဲ ကုန်သွားမယ့် ပိုက်ဆံတွေ နှမြောစရာ၊ တခြားလိုအပ်တဲ့နေရာမှာ အကုန်ခံရတာမှ ဟုတ်တုတ်တုတ်ရှိဦးမယ်၊ ကြည့်စမ်း… ဘယ်လိုဦးနှောက်နဲ့များ ဒီစိတ်ကူးကို ရခဲ့ပါလိမ့်၊ ဘာကြောင့်များ ဒီအချက်ကို ထည့်မတွက်မိပါလိမ့်၊ မောတာပဲ အဖတ်တင်တယ်၊ သိပ်ဆိုးတဲ့ကျွန်မပဲနော်”

အိမ်ဆီသို့ရောက်လျှင် အမျိုးသမီးက မောဟိုက်သံဖြင့် ဆိုချေသည်။

“အထိမ်းအမှတ်ဆိုတာ ကြီးကြီးကျယ်ကျယ်တွေ လျှောက်စဉ်းစားပြီး စိတ်ကူးမိရာ လျှောက်လုပ်နေစရာ မလိုပါဘူးလေ.. တကယ်တော့ သမားရိုးကျ ဖြတ်သန်းတာသာ အကောင်းဆုံး လုပ်ရပ်ပါပဲ၊ မနေ့ကအတိုင်းပဲပေါ့.. ဟိုး အဝေးကြီးရဲ့ မနေ့ကလို မဟုတ်ဘူး၊ နီးနီးကလေးရဲ့ မနေ့ကလိုပေါ့.. ဒါကမှ ကျွန်မတို့ လက်လှမ်းမီတဲ့အချိန် အစစ်အမှန်ပဲလေ”

‘အမျိုးမျိုးပဲ ဖြစ်ရပြန်ပြီ’ ဟု အဓိပ္ပါယ်ရသော မျက်လုံးများဖြင့် လှမ်း၍ ကြည့်မိလျှင် ရဲရဲနီနေသော အရှက်ပိုသည့် မျက်နှာတစ်ခုကို သူမြင်သည်။

ထို့နောက်သူတို့သည် မီးဖိုချောင်တွင်ရှိသော စားသောက်စရာများကို အလျင်အမြန် ပြင်ဆင်ချက်ပြုတ်ကြကာ အတူတကွ ညစာ စားလိုက်ကြတော့သည်။

“အထွေအထူးမဟုတ်ပေမယ့် ဒါဟာ ကျွန်မတို့အတွက် အကောင်းဆုံး ညစာပဲနော် အစ်ကို”

“ဟုတ်ပါ့ဗျာ.. ဟုတ်ပ” ဟု သူ ခပ်ပြုံးပြုံး ပြောလိုက်သည်။

“ဒါဖြင့် ကိုယ်လည်း အခု ညစာစားပြီးတာနဲ့ အလုပ်ကို သွားရမယ်ဆိုပါတော့၊ မနေ့ကလိုလေ”

“ဒါပေါ့.. ဒါပေါ့”

အ၀တ်အစားလဲ၍ သူ အိမ်မှ ထွက်ခွာသွားချိန်တွင် အမျိုးသမီးသည် ရွှင်ပြုံးသောမျက်နှာနှင့် မနေ့ကလို လက်ပြနှုတ်ဆက်လိုက်ပြီး မနေ့ကလိုပင် ပြောလိုက်ပါသည်။

“စောစောပြန်လာနော် အစ်ကို”

“အေးပါကွာ”

အမျိုးသမီးသည် အိမ်တံခါးကို ပိတ်လိုက်ကာ နှုတ်မှ တိုးဖွဖွ ရေရွတ်နေပါသည်။

အင်း… မနေ့ကအတိုင်းပဲ ကောင်းပါတယ်လေ…….။


ကျွန်တော်လည်းမနေ့ကအတိုင်းပဲဆိုရင်သိပ်ကောင်းမှာပဲ မနက်ဖြန်ရောက်တိုင်းရောက်တိုင်း ကျေနပ်မှုထက်နောင်တတွေပဲ အရများနေခဲ့တယ်။့ဖြိုးဇာနည့်ည့၁၁း၁၅တိတိ

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.