2

အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း

Posted by ဖြိုးဇာနည် on Sunday, March 29, 2009 in
အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း

“မင်း ထိတွေ့ခံစားနိုင်တာ၊ နမ်းကြည့်နိုင်တာ၊ အရသာ ခံကြည့်နိုင်တာနဲ့
မြင်နိုင်တာတွေဟာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် အစစ်အမှန် ဆိုတာဟာ
မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။”
Morpheus, The Matrix (1999)


အမှန်တော့ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အဲဒီ ဂေါက်တောက်တောက် အကောင်ကို ပြန်မချစ်လိုက်နဲ့ဟု သူမ၏ သူငယ်ချင်းများက အတန်တန် သတိပေးခဲ့သည်ပဲ။

စက်ပစ္စည်းများဖြင့် အမြဲ အလုပ်ရှုပ်နေသော၊ တစ်နေကုန် တကုပ်ကုပ် တွက်ချက်နေတတ်သော သူသည် ချစ်မှ ချစ်တတ်ပါလေစ။ သူမ ဒီမနက်လုံး မနက်စာကိုပင် လှည့်မကြည့်နိုင်အားဘဲ၊ ပြီးစီးလုနီး ပန်းချီကားကိုပင် လက်စ မသတ်နိုင်အားပဲ တံခါးဝ အနီးတွင် ငုတ်တုတ် ဖြစ်နေမည်ကို သူသိမှ သိပါလေစ။

အို … ဒီနေ့ ဘာနေ့လဲဆိုတာကိုတောင် သူသိပါလေစ။စိတ်တိုလာသဖြင့် ရုပ်သံစက်ကို ဖွင့်လိုက်သည်။ ကပ္ပလီ ကတုံးကြီးတစ်ယောက်
နှင့် အရပ်ရှည်ရှည် မင်းသား တစ်ယောက်ကို မြင်ရသည်။ ကပ္ပလီကြီးက ဒဿနတွေ ပြောနေသည်။ ဟောလီဝုဒ်မှာ ရိုက်ခဲ့သော သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကား ဖြစ်မည်။ မကြည့်ချင်သဖြင့် သတင်းလိုင်းကို ပြောင်းလိုက်သည်။ စက္ကူဖြင့် နှင်းဆီပန်းရုပ်ကလေးတွေ ချိုးရောင်း
သော ဆိုင်တွင် ကောင်လေးတွေ သူတို့ကောင်မလေးတွေအတွက် ပန်းဝယ်ဖို့ တန်းစီနေကြသည်ကို ထုတ်လွှင့်လျှက်ရှိသည်။ အဆိုပါ စက္ကူရုပ်ဆိုင်သည် ယနေ့ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းရုပ် တစ်မျိုးတည်းသာ ရောင်းချလျက်ရှိသည်ဟုကြေငြာနေ
သည်။

သူမနေထိုင်ရာ ကိုလိုနီ - ၅၇ တွင် စိုက်ပျိုးရေးအတွက် မြေနေရာအကန့်အသတ်ဖြင့်သာရှိသဖြင့် စားကုန်သီးနှံများကိုသာ ဦးစားပေး စိုက်ပျိုးရာပန်းအစစ်ကို မြင်ချင်လျှင် ပြတိုက်မှာ ဆေးစိမ်ထားတာကိုသာ သွားကြည့်ရသည်။ သို့ဖြစ်၍ ကောင်မလေးတွေကလဲ စက္ကူဖြင့် ခေါက်ထားသော နှင်းဆီပန်းများဖြင့်သာ ကျေနပ်ကြရလေသည်။ ငွေကြေး တတ်နိုင်သူများကတော့ နှင်းဆီပန်းရနံ့ကို ဈေးကြီးပေးဝယ်ကာ စက္ကူပန်းပွင့်ကလေးများတွင် ဖျန်း၍ သူတို့၏ ချစ်သူ မိန်းကလေးများကို ပေးကြသည်။

ဟိုးအရင် မြေကမ္ဘာ တွင် နေထိုင်ခဲ့ကြသော မိန်းကလေးများသည် ချစ်သူများနေ့တွင် နှင်းဆီပန်း လတ်လတ်ဆတ်ဆတ်များကို လက်ခံ ရရှိကြသည်။ ပန်းအစစ်၏ ရနံ့ကို တ၀ကြီး ရှုရှိုက်ခွင့်ရသည်။ ပန်းစည်းကို တစ်ဖက်ကကိုင်၊ ကျန်တစ်ဖက်ဖြင့်ချစ်သူ့လက်မောင်းကို ယီးလေးခိုပြီး အလွန်လှပသော ရေပန်းများဖြင့်တန်ဆာဆင်ထားသည့် ပန်းခြံများတွင် လမ်းလျှောက်ကြသည်ကို သူမ ရုပ်သံစက်တွင် ကြည့်ဖူးသည်။ အိမ်ပြန်ရောက်သောအခါ ပန်းများကို တာရှည်ခံအောင် အခြောက်ခံထားဖို့ သူမတို့တတွေ အလုပ်ရှုပ် ကြရပေ ဦးမည်။ မည်မျှ ကြည်နူးဖွယ် ကောင်းပါသနည်း။ ကိုလိုနီပေါ်ရှိ မိန်းကလေးများ၏ နစ်နာဆုံးရှုံးမှုအတွက် လူသားတို့ကို တော်လှန်စစ်ခင်း ခဲ့သော စက်များကိုပင် အပြစ်တင်ရမည်လား၊ မိုးကောင်းကင်ကို အရောင်ဆိုး ခဲ့သော ဘိုးဘွားများကိုပင် အပြစ်တင်ရမည်လား သူမ မသိနိုင်တော့။ သူမ သိသည်ကတော့ ပန်းမကြိုက်တဲ့ မိန်းကလေး ရှိလို့လားဟု သူမ ပြောစဉ်က ရယ်နေခဲ့သော၊ ပန်းအစစ်ကလေး တစ်ပွင့်ပဲ ဖြစ်ဖြစ် လိုချင်တာပေါ့ဟု ပူဆာစဉ်က တစ်ပွင့်မကဘူး… ပန်းအစစ် ရောင်စုံ တစ်ခင်းလုံး ရစေရမယ် ဟု ရွှတ်နောက်နောက် ကတိပေးခဲ့သော သူ ပေါ်မလာခြင်းပင် ဖြစ်သည်။

ဘယ်သွားသေနေလဲ မသိဘူး ဟု ရွေရွတ်ရင်း ရုပ်မြင်ဖုန်းကို သူမကောက်ကိုင်လိုက်သည်။ ပြီးတော့မှ မဟုတ်သေးပါဘူးဟု တွေးကာ ပြန်ချထားလိုက်သည်။ ဟိုတစ်နေ့က ဇိုင်ယွန်ကို ခဏဆင်းမည်ဟု ပြောသည်။ ပြန်မှရောက်သေးရဲ့လား မသိ။ အဲဒီကို သွားတာ သူမ မကြိုက်၊ အန္တရာယ်များသည်။ ပြောပြန်တော့လဲ နားမထောင်၊ အရေးကြီးလို့ဟုဆိုကာအတင်းသွားသည်။ခဏနေတော့ဖုန်းခလုတ်များ
ဆီကို လက်ကရောက်သွားပြန်သည်။ ခေါ်လိုက်တော့လဲ ကိုယ်တော်မြတ်က မကိုင်၊ပြန်မရောက်သေးတာလား၊ အိပ်ပျော်နေတာများလား။
တစ်ခါတလေ ဒီလိုပဲ ညနက်တဲ့အထိ အလုပ်လုပ်ပြီး မနက်ဆို မထတတ်။ အိပ်နေတာပဲ ဖြစ်ပါစေ။ နောက် ၃ ခါမြောက်ခေါ်သောအခါကျ
မှ အိပ်ယာထဲမှ ဖုန်းခလုတ်ကို လှမ်းဖွင့် လိုက်ပုံပေါ်သော ကိုယ်တော်ချောကို မျက်လုံးပိတ်လျက်သား မြင်ရသည်။ ညနက်သွားလို့ခဏ
လေး အိပ်ပါရစေ ဟုလဲ ကြားလိုက် ရသေးသည်။ စိတ်ပူနေတဲ့သူကိုမှ အားမနာ။ ဖုန်းခလုတ်ကို သူမ ချက်ချင်း ပိတ်ပစ် လိုက်လေသည်။

မနေ့ညက ဆွဲလက်စ ပန်းချီကားကိုပဲ လက်စသတ်တော့မယ်ဟု တွေးရင်း အလုပ်စားပွဲတွင် သူမထိုင်သည်။ သူမ ဆွဲနေသော ပန်းချီ နည်းစနစ်သည် ဟိုးအရင် အင်တာနက် ပေါ်လာကာစက ခေတ်စားခဲ့သော နည်းလမ်းဟောင်းဖြစ်သည်။ ၂၅၆ မျိုးသော သင်္ကေတများကို နေရာတကျချထားခြင်းဖြင့် မိမိဆွဲလိုသော ပုံပေါ်လာအောင် ဖန်တီးရသော နည်းစနစ် ဖြစ်သည်။ အပျင်းပြေပြီး အချိန်ကုန်လို့ ကုန်မှန်း
မသိသော ၀ါသနာ တစ်ရပ်လဲ ဖြစ်သည်။ သူမကတော့ သူမ တတ်ကျွမ်းသော အစီအစဉ် ဆွဲသားခြင်း (programming) နှင့် ပေါင်းစပ်
ကာ သရုပ်မှန်နှင့် ပိုမို နီးစပ်သော ပုံများကို ဆွဲသားလေ့ ရှိလေသည်။

ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ဘေးမှာချကာ ရေးလိုက်၊ ဆွဲလိုက်၊ မကြိုက်လျှင် ပြင်လိုက်ဖြင့် တံခါးခေါက်သံ ကြားရသောအခါတွင်မှ ညနေစောင်းပြီဆိုတာကို သတိပြုမိလေသည်။

သူ ။ ။ “ကလေး … ငါပါ။”
သူမ ။ ။ “ဘယ်က ငါ တုန်း။”

တော်သေးတာပေါ့။ ပေါ်လာသေးလို့။ သူသည် သူမကို ကလေးဟု ခေါ်လေ့ရှိပြီး သူ့ကိုယ်သူတော့ ငါ ဟု သုံးစွဲတတ်သည်။ အဲဒါကို သူမကလဲ တစ်စက်ကလေးမျှ မကြိုက်။

သူ ။ ။ “တံခါးဖွင့်ပါဦး။”
သူမ ။ ။ “ဘာလုပ်ဖို့တုန်း။”
သူ ။ ။ “ဖွင့်ပြီးရင် သိမှာပေါ့။”

တွေ့လား။ အမြဲတမ်း အဲဒီလိုပဲ။ လျို့ဝှက်ဆန်းကြယ် လုပ်တတ်သည်။

စူပုပ်နေသော မျက်နှာဖြင့် တံခါးကို သူမ သွားဖွင့်သည်။ သူ၏ လက်ထဲတွင် ပန်းအစစ် မပြောနှင့်၊ စာရေးစက္ကူဖြင့် ပြီးစလွယ် ခေါက်ထားသော ပန်းပွင့် ကလေးပင် မပါ။ ဦးထုပ်လိုလို စက်ပစ္စည်းတစ်ခုကို သူ ကိုင်လျက်သား တံခါးဝတွင် ရပ်နေသည်။ အဆိုပါ ပစ္စည်းတွင် ဓာတ်ကြိုးများဖြင့် ရှုပ်ယှက်ခတ်နေလေသည်။

သူ ။ ။ “ရော့ … အဲဒါလေး ခဏ တပ်လိုက်။”

အမိန့်သံနှင့်အတူ ထို ဦးထုပ်ကို သူလှမ်းပေးနေပြန်သည်။ ဦးထုပ်၏နောက်စေ့နေရာတွင် အမြီးရှည်ရှည်ကြီး တစ်ခုလဲ ပါသည်။ ပမာပြောရလျှင် ရှေးခေတ် မန်ချူးတရုတ် အမတ်များဆောင်းသော အမြီးရှည်နှင့် ဦးထုပ်ပုံစံကို ဓာတ်ကြိုးများဖြင့် ပြုလုပ်ထားသည့် ကလေးကစားစရာ အပေါစားနှင့် တူနေသည်။

သူ ။ ။ “ယူလေ။”

သူတကယ်ပဲ ဒီနေ့ကို မေ့နေတာပဲ။ တစ်ညလုံးလဲ ဒီဦးထုပ်စုတ်နဲ့ အလုပ်ရှုပ်နေတာ ဖြစ်ရမည်။ အခုလဲ အဲဒါကို စမ်းသပ်ချင်၍ သူမထံသို့ ရောက်လာတာပဲ။ သူသည် သူ၏ ပစ္စည်းများကို သူမကို အမြဲ စမ်းသပ် အသုံးပြုခိုင်းတတ်သည်။ ဟိုတစ်နေ့ကလဲ အင်္ကျီလိုဟာတခုကို စမ်းဝတ် လိုက်ရာ ဓာတ်လိုက်ခံရသည်။ သူငယ်ချင်းတွေ စကား နားမထောင် မိတာ အခုမှ နည်းနည်း နောင်တ ရချင်သလို ဖြစ်လာသည်။ သူမ လှမ်းအယူကိုပင် မစောင့်တော့ပဲ သူကိုယ်တိုင် ထိုဦးထုပ်ကို သူမခေါင်းပေါ်သို့ ဆောင်းလိုက် လေသည်။

သူမ ။ ။ “ဟာ … ဖယ်။ မယူဘူး။”
သူ ။ ။ “လိမ္မာပါတယ်ကလေးရယ်။ တစ်ညလုံး မအိပ်ရသေးလို့ မနက်က ဖုန်းထမကိုင်တာပါ။”

ကြည့် … ဘာကို စိတ်ဆိုးနေမှန်းတောင် မသိ။ တုံးလိုက်တာ။

ငြင်းလို့လဲရမှာမဟုတ်တဲ့အတူတူ အသာဆောင်းထားလိုက်ရသည်။ ဦးထုပ်နောက်က အမြီးအရှည်ကြီးသည် သူမ၏ တင်ပါးနားအထိ ရောက်နေ သည်။ အမြီးရှည်ကြီး နေရာမလွဲစေရန်သူက ကြိုးများဖြင့် ချည်သေးသည်။ ဒီတစ်ခါ ဓာတ်လိုက်ရင် ရုန်းမရအောင် တုပ်ထားတာ ထင်ပါရဲ့။ သူမစိတ်ကို လျှော့ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

အသင့်ဖြစ်ပြီလားဟု ကြားလိုက်ရပြီး သူမအဖြေကိုပင် မစောင့်ဘဲ စက်အပေါ်ပိုင်းရှိ ခလုတ်တစ်ခုကို သူ ဖွင့်လိုက်လေသည်။
သိပ္ပံဝတ္ထုများထဲကလို လျှပ်စီးလဲမလက်၊ ၀ုန်းကနဲလဲ မမြည်ပါ။ သို့သော် သူမ၏ အိမ်ခန်းထဲတွင် မဟုတ်တော့တာတော့ သေချာသည်။ သူမ မျက်လုံးများကို ပိတ်ထားသော်လည်း သူမ မြင်နေရသည်။ လေအေးပေးစက်ကို ပိတ်ထားသော်လည်း လေပြေ လေညှင်းကလေးက သူမခန္ဓာကို ပွတ်သပ် ကျီစယ်နေသည်။ သူမ၏ နှာခေါင်းဝသို့မွှေးရနံ့ တစ်ခုကလဲ အသာအယာ တိုးဝင်လာသည်။ သူမမှတ်မိသည်၊ဒါ နှင်းဆီပန်းရနံ့။

သို့သော် ပြတိုက်မှာ နမူနာပြထားသော ရနံ့ထုတ်စက်မှ ရနံ့လို ပုံသေ စူးစူးကြီး ဖြစ်မနေ။ တိုက်ခတ်နေသော လေပြေလေညှင်း နှင့်အတူ တိုးလာလိုက်၊ လျော့သွားလိုက်။ မျက်စိရှေ့မှ မြင်ကွင်းသည်ကား မယုံနိုင်ဖွယ်ကောင်းလွန်းတော့သည်။ အနီ၊ အပြာ၊ အ၀ါ၊ အဖြူ၊ ပန်းရောင် - ရောင်စုံ၊ နှင်းဆီပန်းတွေ ရောင်စုံပါလား။ မျက်စိတဆုံး၊သူမပတ်ပတ်လည်မှာ အပြည့်အ၀ ပွင့်လန်းနေသော နှင်းဆီ
ပန်းခင်းကြီး။ မဆီမဆိုင် မနက်တုန်းက မြင်လိုက်ရသည့် ကပ္ပလီမင်းသားကြီး၏ ဒဿနတွေ သူမ အမှတ်ရလာသည်။ ဘာပဲပြောပြော သူ ကတိတည်ခဲ့ ပါသည်။

“မင်း ထိတွေ့ခံစားနိုင်တာ၊ နမ်းကြည့်နိုင်တာ၊ အရသာ ခံကြည့်နိုင်တာနဲ့
မြင်နိုင်တာတွေဟာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် အစစ်အမှန် ဆိုတာဟာ
မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။”
Morpheus, The Matrix (1999)


Inspired from "The Matrix", "Gundam" series, "i-Robot" and ဂျူး ၏ "ချစ်သူရေးတဲ့ ကျွန်မရဲ့ ည တွေ"
တဲ့လေ

သူတို့တွေကဒီလိုရေးခဲ့ဖူးတယ်လေ့ဒီလိုဆိုတော့ကျွန်တော်ကလည်းဟောဒီလိုပဲပြန်ရေးချပစ်လိုက်တာပေါ့
အချစ်ဆုံးအတွက် နှင်းဆီ တစ်ခင်း တဲ့


ဖြိုးဇာနည့်ညနေ့၎း၅၀တိတိ

2 Comments


လှလွန်းလိုက်တဲ့ နှင်းဆီပန်းတွေ သယ်ရင်းရေ။။။။:)


“မင်း ထိတွေ့ခံစားနိုင်တာ၊ နမ်းကြည့်နိုင်တာ၊ အရသာ ခံကြည့်နိုင်တာနဲ့
မြင်နိုင်တာတွေဟာ အစစ်အမှန် ဖြစ်ခဲ့မယ်ဆိုရင် အစစ်အမှန် ဆိုတာဟာ
မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။”
မှန်တယ်နော်..နှင်းဆီလေးတွေလှတယ်..

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.