1

အချစ်ဦး

Posted by ဖြိုးဇာနည် on Thursday, February 12, 2009 in
အချစ်ဦး

“လူဆိုတာအချစ်ဦးကိုမမေ့တတ်ကြဘူး”တဲ့။ ထိုစကားကို ကျွန်မ ကောင်လေးတစ်ယောက်ထံ မှစကြားဖူးသည်။ ထိုကောင်လေး ၁၆ နှစ်အရွယ်က ဖုန်းထဲမှနေ၍ ၂၅နှစ်အရွယ် ကျွန်မအား ရည်းစားစကားပြောသောအခါ ကျွန်မရယ်နေခဲ့သည်။ ၉ နှစ်ကွာသော ထိုကောင်လေးနှင့်ကျွန်မ ချစ်သူတွေ မဖြစ်ခဲ့ပါ။ ဒါပေမယ့် ဒီနေ့ထိ သူ့အကြောင်းနှင့် သူ၏များပြားလှသော ရည်းစားများအကြောင်းကို ကျွန်မထံ လာ၍ ရင်ဖွင့်တတ်သည်။ ထိုစကားကို ကျွန်မမေ့နေရာမှ Internetစသုံးတော့ Chattingတွင် အချစ်ဦးအကြောင်း မကြာခဏ မေးခံရသောအခါ ကျွန်မ စဉ်းစားဖို့ ဖြစ်လာတယ်။

အချစ်ဦးအကြောင်းကို စဉ်းစားဖို့ အချစ်ဦးဆိုတဲ့ အဓိပ္ပါယ်ကို အရင်သိမှ ဖြစ်မှာပေါ့။ အစ်ကိုတွေနှင့် ကြီးပြင်းရသော ကျွန်မ ယောက်ျားလေးတွေကို စိတ်ဝင်စားစရာအဖြစ် မမြင်ခဲ့။ အထက်တန်းရောက်တော့ ကျွန်မဘ၀မှာ ပထမဆုံးသော ရည်းစားစာ ရရှိတယ်။ အိမ်ရောက်တော့ သူ့စာကို လူကြီးတွေလစ်တုန်း ဖတ်တယ်။ ဖွဲ့နွဲ့ထားသော သူ့စာကိုကျွန်မနားမလည်။ ၂ခါပြန်ဖတ်တယ်။ နားမလည်။ နောက်ဆုံးကတ်ကြေးနှင့် တစ်စစီဖြတ်၍ အမှိုက်ပုံးထဲ ထည့်လိုက်တယ်။ ရှင်မှီးအင်္ကျီဝတ်ဆဲ ကျွန်မအား မိန်းကလေးအဖြစ် ပထမဆုံး အသိအမှတ်ပြုပေးသော ထိုသူသည် ကျွန်မ၏ အချစ်ဦးမဖြစ်ခဲ့။ သူ့နာမည်က "နိုင်"။

၁၀ တန်းအောင်ပြီးတဲ့ အခါကျတော့ တက္ကသိုလ်မတက်ခင် အားလပ်နေတယ်။ မနက်နေမြင့်မှ အိပ်ရာထ၍ မနက်၉နာရီ ခန့်ဆို အစ်ကိုတွေ အခန်းဖက်သို့ သီချင်းသွားနားထောင်လေ့ရှိတယ်။ ကျွန်မတို့ နေတာက ၀န်ထမ်းတွေနေတဲ့ တိုက်ခန်းတန်းလျားပေါ့။ ပြီးတော့ အပေါ်ဆုံးထပ် အစ်ကိုတွေနေတဲ့ အခန်းရဲ့ နောက်တည့်တည့်မှာ ဘုန်းကြီးကျောင်းရှိတယ်။ တစ်နေ့သောမနက်ခင်းမှာ ကျွန်မအကိုတွေရဲ့ ကုတင်ပေါ်ကနေပြူတင်းပေါက်ပေါ် မေးတင်ပြီး သီချင်းနားထောင်နေခိုက် လူတစ်ယောက် ရေဖလားလေးကိုကိုင်ပြီး လမ်းလျှောက်လာတယ်။

ပုဆိုးသာဝတ်ထားပြီး အင်္ကျီဗလာနှင့်။ တဘက်ကို လည်ပင်းမှာချရင်း လမ်းလျှောက်လာတယ်။ ဆူညံသောသီချင်းသံကြောင့် သူတစ်ချက်မော့ကြည့်တယ်။ ဝါဝင်းသောသူ့အသားက နေရောင်တွင် ဝင်းလက်နေတယ်။ ပုံစံက ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်လေးနှင့်။ သူ့ခေါင်းမှာ လှိုင်းတွန့်ဆံပင်လေးတွေ ရှိတယ်။ ကျွန်မကို မော့ကြည့်လိုက်သော မျက်ခုံးနက်နက် ထူထူလေးအောက်မှာ လိုက်ဖက်ညီတဲ့ မျက်လုံးနက်နက်လေးတွေရှိတယ်။ ချောလိုက်တာ။ သူ ဘုန်းကြီးကျောင်းပေါ်သို့ တက်သွားသည်။ ထိုနေ့မှစ၍ ကျွန်မ အလုပ်တစ်ခု ရသည်။သူ ရေချိုးသွားတာကို သီချင်းနားထောင်ရင်း စောင့်နေမိတယ်။ နေ့တိုင်းတော့ မတွေ့။ တခါတရံ သူ့ကို ကျွန်မအောက်ဆင်းသည့်အခါ တွေ့သည်။ ထိုအခါတိုင်း သူ့ကို ကျွန်မ ဘယ်တော့မှမကြည့်။ ရိပ်ကနဲသူ့ကိုတွေ့တာနဲ့ မြေကြီးကို ကြည့်လျှောက်သည်။

အသက် ၁၇နှစ်ခန့်သာရှိသေးသော ကလေးရုပ် မပျောက်သေးသော ကျွန်မအား အသက်၃၀ နီးပါးခန့်ရှိသော ထိုသူသည် ကလေးတစ်ယောက် ဆိုတာထက် ပို၍ စိတ်ဝင်စားပုံမပေါ်။ တခါတရံ ဝရံတာထွက်၍ အရုပ်များကို အင်္ကျီချုပ်ပေးနေရင်း ကျွန်မအလုပ်တွေ ရှုပ်နေတာကို မျက်စောင်းထိုးဖက်အခန်းတွင်နေသော သူ မြင်ကောင်းမြင်ပေလိမ့်မည်။ နောက်တော့ သူအိမ်ပြောင်းသွားသည်။ ကျွန်မတို့ မိသားစုလည်း အိမ်ပြောင်းလာခဲ့တယ်။ ဆန့်ကျင်ဖက်ကိုပထမဆုံးအနေနဲ့ စိတ်ဝင်စားခဲ့ပေမယ့် သူသည် ကျွန်မ၏ အချစ်ဦး မဖြစ်ခဲ့။ သူ့နာမည်က "ကျော်"။

ဒီလိုနဲ့ တက္ကသိုလ် ပထမနှစ်ကို ရောက်လာခဲ့တယ်။ မိန်းကလေးချည်း ၈ယောက်ပေါင်းသော သူမတို့အုပ်စုအား တော်ရုံလူ မကပ်ရဲ။ သူငယ်ချင်းများကလည်း တော်ရုံလူလက်မခံ။ ဒါပေမယ့် သူငယ်ချင်းများ ငြင်းစရာမရှိအောင် ပြည့်စုံသော သူတစ်ယောက် ကျွန်မအနားကို ရောက်လာတယ်။ အပြစ်ပြောစရာမရှိအောင် သူတစ်ကယ်ပဲပြည့်စုံတယ်။ ကျွန်မသူ့ကို ချစ်လား၊ မချစ်လားသိပ်မသိဘူး။ သူငယ်ချင်းများက လိုက်ဖက်ညီတယ်ဆိုပြီး တိုက်တွန်းကြတယ်။ မေမေ့ကိုအစစအရာရာ ပြောပြတတ်သော ကျွန်မ ဂုဏ်ယူစွာ ဖွင့်ပြောလိုက်တယ်။ ဒါပေမယ့် ထင်တာမှားသွားတယ်။ သမီးလေး တစ်ယောက်ထည်းရှိသော မေမေက သူ့ထံမှ ခွဲထွက်မှာ စိုးရိမ်စွာ မျက်ဝန်းမှာ မျက်ရည်စတွေနှင့် ပြင်းထန်စွာ ကန့်ကွက်သည်။ ကျွန်မ ပန်းပွင့်လေးတွေမပါပဲ ရိုးစင်းသော စာအိတ်လေးထဲတွင် သူ့အတွက် ပြန်စာလေးကိုထည့်ရင်း သူငယ်ချင်းမှတဆင့် ပေးခိုင်းလိုက်တယ်။ သူသည်လည်း ကျွန်မ၏ အချစ်ဦးမဖြစ်ခဲ့။ သူ့နာမည်က "စိုး"။

နောက်ပိုင်းတွေ့သော သူများလည်း သူ့ကဲ့သို့ပင် မေမေ၏ ငြင်းပယ်ခြင်းအောက်မှာ လွဲခဲ့ရတယ်။ မေမေ နှစ်သက်သဘောကျသော သူကျတော့ ကျွန်မက မနှစ်သက်။ ကျောင်းပြီးတော့ အလုပ်မလုပ်ဖြစ်သေး၍ အိမ်မှာပဲ နေဖြစ်တယ်။ အားရင် သူငယ်ချင်းတွေနဲ့ ဖုန်းပြောတယ်။ သူ့ကိုတော့ ဖုန်းတွေလိုင်းပူးရာမှ စသိခဲ့တာ။ ခဏခဏ ခေါ်နေသော သူ့ကို ပထမတော့ နောက်နေတာပဲထင်သည်။ နောက်တော့ သူသည် ဖုန်းနံပါတ် တစ်ခုကိုပေး၍ ဆက်ပေးရန် အကူအညီတောင်းတော့မှ ဖုန်းလိုင်းပူးနေမှန်း ကျွန်မသိတော့တယ်။ ကျွန်မဖုန်းနံပါတ်ကို သိသွားသောအခါ သူနဲ့ကျွန်မ ခင်မင်ခဲ့ကြတယ်။ သူ့အိမ်နှင့် ကျွန်မအိမ် အရမ်းမဝေးသော်လည်း သူနှင့်ကျွန်မ မတွေ့ဖြစ်။ သူကတွေ့ရန် တောင်းဆိုသော်လည်း ကျွန်မ ငြင်းပယ်ခဲ့သည်။

ဒီလိုနဲ့ ကျွန်မမွေးနေ့ နီးလာတယ်။ ကျွန်မသူ့ကို အိမ်သို့ဖိတ်ခေါ်တယ်။ သူက အပြင်မှလိုက်ကျွေးရန် တောင်းဆိုတယ်။ ကျွန်မလည်း လက်ခံလိုက်တယ်။ ကျွန်မမွေးနေ့ ညနေပိုင်းရောက်တော့ သူငယ်ချင်းကိုခေါ်၍ သူနှင့်ချိန်းဆိုသော နေရာသို့ ထွက်လာခဲ့တယ်။ ချိန်းသောအချိန်ထက် အနည်းငယ်နောက်ကျပြီးမှ ကျွန်မတို့ သွားကြတယ်။ ချိန်းဆိုထားသော နေရာသို့ ကျွန်မလှမ်းကြည့်လိုက်တော့ ကျွန်မရယ်ချင်သွားတယ်။ ကျွန်မစိတ်ကူးထဲမှ သူပြောပြသော သူ့ပုံစံနှင့် လွဲမှားစွာ ခပ်၀၀တစ်ယောက် ထိုင်နေတယ်။ မထူးတော့ပြီမို့ ကျွန်မသူ့ဆီကိုပဲ လှမ်းလာခဲ့တယ်။

ကျွန်မက အ၀တ်အစားကို သူ့ကိုကြိုပြောထားတဲ့အတိုင်း ၀တ်လာခဲ့တယ်လေ။ ထိုလူက ကျွန်မကိုမကြည့်။ အနားရောက်ခါနီးမှ ကျွန်မရှေ့ လူတစ်ယောက် ဗြုန်းဆိုလာရပ်တယ်။ ၅ပေကျော်လေးသာ ရှိသော ကျွန်မမှာ ၆ပေနီးပါးရှိသော သူ့ကိုမော့ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဖုန်းထဲတွင် ရင်းနှီးနေပြီးသော၊ ကျွန်မ ထင်မြင်ထားပြီးသော သူ၏ပုံစံ။ သူပြုံးပြတယ်။

ကျွန်မတို့ ၂ပါတ်မှာ တစ်ခါခန့် တွေ့ဖြစ်တယ်။ ညတိုင်းနီးပါး ဖုန်းပြောတယ်။ ဒါပေမယ့် ကျွန်မသူ့ဖုန်းနံပါတ်ရယ်၊ သူ့လက်ရေးနှင့်ရေးသော ကျွန်မလိပ်စာ စာအုပ်ထဲမှ သူ့လိပ်စာရယ်၊ သူ့မွေးသက္ကရာဇ်ရယ်ကလွဲလို့ ဘာမှမသိ။ မေးလည်းမမေးခဲ့။ သူက ရုပ်ရှင်အရမ်းကြိုက်တယ်။ ရုပ်ရှင်တူတူ ကြည့်ဖြစ်တယ်။ နိုင်ငံခြားကားများကို သူက ဘာသာပြန်ပေးတယ်။ ရုပ်ရှင်မကြည့်အားတဲ့ နေ့တွေဆို ကားလျှောက်မောင်းတယ်။ တခုခုစားပြီး အိမ်နားနီးနီးထိ ပြန်ပို့တယ်။ ကျွန်မအား ချစ်တယ်လို့လည်း တခါမှ မပြောခဲ့၍ ကျွန်မလည်းချစ်တယ်လို့ တခါမှ မပြောခဲ့။ ချစ်သူနှင့်တူသော အပြုအမူများလည်း တခါမှ မပြုမူခဲ့။ ထို့ကြောင့်လည်း သူ့ကို ယုံကြည်စွာနဲ့ ချိန်းဆိုတိုင်း တွေ့ဖြစ်ခဲ့တယ်။

တနေ့။ ထိုတနေ့ပေါ့။ သူ့ကိုနောက်ဆုံး တွေ့ရမယ့်ရက် ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့။ ထိုနေ့က ရုပ်ရှင်မကြည့်ဖြစ်။ Snackသွားစားကြသည်။ တချိန်လုံး အေးအေးချမ်းချမ်းပါပဲ။ အပြန်ကျတော့ ကျွန်မ ယောင်းမအိမ် သွားစရာရှိတယ်ဆို၍ ကျွန်မကိုလိုက်ပို့တယ်။ ကျွန်မကားပေါ်က ဆင်းခါနီးတော့ ကျွန်မလက်နှစ်ဖက်ကိုဆွဲရင်း ကျွန်မလက်ဖမိုးကိုနမ်းတယ်။ ပြီးတော့ သူ့ပါးပြင်လေးမှာ ကပ်ထားတယ်။ ကျွန်မလည်း ရုတ်တရတ်မို့ သူ့ကို ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ သူ့လက်ဖမိုးလေးကို ကျွန်မမျက်နှာနား ကပ်ပေးတယ်။ ဘယ်ညာ ညီညာစွာ လှပတဲ့ ကျွန်မနှစ်သက်တဲ့ သူ့လက်ဖမိုးလေးကို ညင်သာစွာ နမ်းလိုက်တယ်။ ကျွန်မရင်ထဲမှာ မပျော်ဘဲ တမျိုးခံစားနေရတယ်။

နောက်ပိုင်းတော့ သူနဲ့ကျွန်မ မတွေ့တာကြာပြီ။ ကျွန်မဖုန်းဆက်တော့လည်း သူနှင့်မတွေ့။ ကျွန်မထံလည်း သူဖုန်းမဆက်။ အရင်က သူဖုန်းဆက်တဲ့အခါတိုင်း ကျွန်မနှင့် တိုက်ရိုက်မတွေ့လျင် ဖုန်းချပစ်တတ်သည်။ တနေ့ ဖုန်းလာသံကြားပြီး ကျွန်မအစ်ကို၏ ပွစိပွစိပြောသံ ကြားသောအခါ ကျွန်မ … ကျွန်မအခန်းကို ပြေးတက်၍ သူ့ထံဖုန်းဆက်လိုက်တယ်။ သူ့အသံကြားရတော့ ကျွန်မပျော်သွားတယ်။ ဒီတစ်ပါတ်အားလား သူမေးတယ်။ သူ့အတွက် အမြဲအားနေသောကျွန်မ အင်းလို့ ပြောလိုက်တော့ သူကအချိန်ကိုပြောတယ်။ နေရာကတော့ ကျွန်မတို့ ချိန်းဆိုနေကျနေရာ။ ဒါပေမယ့် ပျော်နေတဲ့ အပျော်လေးက သူ့ရဲ့ နောက်ဆက်တွဲစကားကြောင့် ကြာရှည်မခံလိုက်။ သူပြောတဲ့စကားက “ဒီတခါတွေ့ရင်တော့ အရင်တုန်းကလို ပြန်မလွှတ်တော့ဘူး”တဲ့။ သူဖုန်းချသွားတယ်။ သူ့စကား အဓိပ္ပါယ်က ကြောက်စရာကောင်းသလိုပဲလို့ ကျွန်မထင်တယ်။

သူချိန်းဆိုတဲ့နေ့က ဖေဖော်ဝါရီ ၁၄ရက်။ ထိုရက်ကိုမရောက်ခင် သွားသင့်လား၊ မသွားသင့်လား ကျွန်မခေါင်းပူစွာ စဉ်းစားတယ်။ ကျွန်မတို့ ချစ်သူတွေ မဖြစ်သေး။ သူ့စကားက မကောင်းတဲ့ အဓိပ္ပါယ်ဆို ကျွန်မသွားရင် ကျွန်မအမှားပဲ ဖြစ်သွားလိမ့်မယ်။ ချစ်စကားပြောမှာမို့ ဆိုရင်တော့ မသွားရင် သူ့ကိုဆုံးရှုံးရမယ်။ သူနဲ့ချိန်းဆိုတဲ့ ရက်မတိုင်ခင်ညမှာ ကျွန်မ ဆုံးဖြတ်ချက်ချပြီး သူ့ကိုဖုန်းခေါ်လိုက်တယ်။ သူဖုန်းလာကိုင်တယ်။ ကျွန်မ ခရီးထွက်မှာမို့လို့ မလာဖြစ်တော့တဲ့အကြောင်း သူ့ကိုပြောလိုက်တယ်။ သူက ဘယ်လောက်ကြာမှာလဲတဲ့။ မသိသေးဘူးလို့ ကျွန်မပြောလိုက်တယ်။ သူ့ကိုဖုန်းဆက်ပါတဲ့။ သွားမယ့်နေရာက ဖုန်းမရှိဘူးလို့ ကျွန်မပြောလိုက်တယ်။ ဒါဆို ပြန်လာရင်ဆက်နော်တဲ့။ ကျွန်မ ဟုတ်လို့ပဲ ပြောခဲ့တယ်။ ကျွန်မတကယ်လည်း ခရီးထွက်လိုက်တယ်။ ဒါပေမယ့် ခရီးက ပြန်ရောက်တော့ ကျွန်မဖုန်းမဆက်တော့။

လက်တွေ့ဘဝဆိုတာ ၀တ္ထုလို ကိုယ်လိုရာဆွဲလို့ မရတော့ ကျွန်မသွားလို့ မဖြစ်သင့်တာဖြစ်ရင် ကျွန်မဘ၀ ဆုံးရှုံးလိမ့်မယ်။ မသွားဖြစ်တဲ့အတွက် သူ့ကိုဆုံးရှုံးရပေမယ့် ကျွန်မမှာ ကောင်းမွန်တဲ့ အမှတ်တရလေးတွေ ရှိနေတယ်။ ဖုန်းလာပြီး မပြောဘဲ ချချသွားလို့ အစ်ကိုရဲ့ မကျေနပ်သံတွေ ကြားနေရပေမယ့် ကျွန်မဖုန်းပြန်မဆက်တော့။ အိမ်ပြောင်းလာလို့ အိမ်လိပ်စာသစ်ကိုလည်း သူမသိ။ သူ့ကို သတိရတဲ့စိတ်ကိုလည်း သူ့စကားတခွန်းဖြင့် မေ့နိုင်အောင် ကြိုးစားခဲ့တယ်။

သတင်းစာဖတ်လျင် နာရေးတွေအကုန်ဖတ်တတ်တာ ကျွန်မအကျင့်။ တနေ့တော့ နာရေးတွင် အသက်၁၀၀ကျော် အဖိုးအိုတစ်ဦး နာမည်ပါလာတာတွေ့တော့ ထိုအဖိုး၏ များပြားလှသော မြေးများနှင့် ဆန်းကြယ်လှသော သူတို့နာမည်များကို စိတ်ဝင်စားစွာ ကျွန်မ ဖတ်ကြည့်မိတယ်။ ထိုအဖိုး၏ မြေးများထဲတွင် ရှားပါးဆန်းကြယ်သော သူ့နာမည်ပါလာတယ်။ အိမ်လိပ်စာလည်း မှန်နေ၍ သူမှတပါး မဖြစ်နိုင်။ အဲဒီ့အချိန်မှ သူ့ရဲ့အလုပ်အကိုင်ကို ကျွန်မသိတော့တယ်။ ကျွန်မရဲ့ အံ့ဩမှုက ဒီတင်မရပ်။ ထိုအဖိုးအို၏ နောက်ထပ် သားသမီးနှစ်ယောက်၏ မြေးများကို ဖတ်တော့မှ ကျွန်မလန့်သွားခဲ့တယ်။ ပထမနှစ်က ကျွန်မငြင်းခဲ့သောသူ “စိုး”။ ဒုတိယနှစ်မှစ၍ သူကျောင်းမတက်တော့ ကျွန်မစိတ်မကောင်းပေမယ့် မေ့သွားခဲ့တယ်။ နာမည်ဆန်းတာရော၊ ဘွဲ့ရောတူနေ၍ လူမမှားနိုင်။ ဒါဆို သူတို့နှစ်ယောက်သည် ညီအစ်ကို တ၀မ်းကွဲ။ ကျွန်မကို သူတို့လက်စားချေတာလား။ ကျွန်မ မတွေးချင်တော့။ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မည်။ ကျွန်မအတွက်တော့ သူ့ကိုလုံးဝ မေ့လိုက်တာ ကောင်းမည်။ ဒီလိုနဲ့ သူသည်လည်း ကျွန်မအချစ်ဦး ဖြစ်မလာခဲ့။ သူ့နာမည်က “မိုး”။

နောက်ပိုင်းကျတော့ မိဘသဘောတူသူများ၊ ကျွန်မကိုယ်တိုင် နှစ်သက်နိုင်မည်ထင်သောသူများ၊ လာရောက်ကမ်းလှမ်းသောသူများနှင့် တွဲသွားတွဲလာ လုပ်ခဲ့တယ်။ ကျွန်မရင်ထဲမှာ သူတို့အား နှစ်သက်သဘောကျခြင်း မရှိခဲ့။ နွေးထွေးမှုလည်း မရှိခဲ့။ နောက်ပိုင်း ကျွန်မကို ကမ်းလှမ်းသော သူများနှင့် တွေ့ဆုံခြင်း မရှိတော့။ ဒါဆိုလျင် အချစ်ဦး၊ ကျွန်မရဲ့ အချစ်ဦးသည် ပျောက်ဆုံးနေပါတော့သည်။ လူတွေပြောကြတဲ့ အချစ်ဦးသည် ကျွန်မအတွက်တော့ လုံးဝမရှိသော (သို့မဟုတ်) ပျောက်ဆုံးနေသော သူတစ်ယောက် ဖြစ်ပါသည်။

Valentine’s Day။ ဖေဖော်ဝါရီ ၁၄ရက်။ ထိုနေ့သည် ကျွန်တော့်အတွက်တော့ မဟုတ်ခဲ့ပါ။ ဒါပေမယ့် လှပသော အမှတ်တရများတော့ ရှိနေမည်သာ။ ။့
ဖြိုးဇာနည်....ည၁း၀၀တိတိ

1 Comments


တို့လည်းအဲဒီကောင်မလေးလိုဖြစ်နေပြီနဲ့တူတယ်အချစ်ဦးဆိုတာပျောက်ဆုံးနေတာလားရှိကိုမရှိတာလားတောင်မသိဘူး

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.