0
Posted by ဖြိုးဇာနည် on Tuesday, July 26, 2022 in

ရိုးဂုဏ်

သူမဟာ ကျုပ် ဘ၀ကို ထာဝရ လင်းချင်းစေတဲ့

နေတစင်း၊ လတစင်း….

အတ္တနဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို 

မြတ်နိုးခြင်းနဲ့ လင်းစေတယ်

လူတကာ အပေါ် 

ယုံကြည်ခြင်း ကင်းမဲ့တတ်တဲ့ 

အေးစက်စက် နှလုံးသားတစုံ ကို

တငွေ့ ငွေ့ နွေးထွေးလာစေတဲ့

မီးလင်းဖိုလေးတခုပေါ့….

သူမမျှော်လင့်ချက်တွေကို 

ကျုပ်ဥပက္ခာ ပြုထားတတ်ခဲ့ပေမယ့်

သူမကတော့ နူးညံ့ခြင်းတခုထဲနဲ့ 

ကျုပ် ယုံကြည်ခြင်းတွေကို

ချဉ်းကပ်နိုင်ခဲ့တယ်

ဟန်ဆောင်ခြင်းတွေ ၊မာနတွေ နဲ့ 

ချည်နှောင်ယှက်ခဲ့တဲ့လက်တစုံကို

မေတ္တာတရားနဲ့ ချစ်ခြင်း တွေ

လွှမ်းခြုံတဲ့ ဘ၀တခုအဖြစ်

နေရာတကျ ပြောင်းလဲပြနိုင်ခဲ့တဲ့

မှော်ဆရာ တပါး..

သူ့ ချစ်ခြင်းတွေ နဲ့ ကျုပ် ဘ၀ကို

နွေးထွေးမှုပေးခဲ့တယ်….

ဒါပေမယ့် သူမရောနွေးထွေးမှု ရရှိခဲ့ပါသလား

သူမရဲ့ နမ်းတပွင့်နဲ့ 

ကျုပ် ယုံကြည်မှုတွေ ပြည့်ဝစေခဲ့တယ်

သူမရော ကျုပ်ဆီမှ

ယုံကြည်မှုတစုံတရာ 

ရရှိခဲ့ဖူးပါသလား

အို….ကျုပ် ကိုယ်ကျုပ် မသေချာခဲ့ပါ

ဒီနေ့ အထိ သေချာနေခဲ့သော အချစ်သည်..

ကျုပ် အတွက်တော့ ဒီ့ထက်ပိုသေချာနိုင်သော အချစ်

ထပ်မရှိလာနိုင်တော့သော

သက်တံ့ရောင်မြတ်နိုးမှုသက်သက်တခုဖြစ်သည်……

ဒီစာသည် ကဗျာမဟုတ်ပါ….

ကျုပ် ၏မှောင်မိုက်နေသော အတ္တမာန များနှင့် 

သူ့ စိတ်နှလုံးအားနာကျင်စေခဲ့သော 

နေ့ ရက်များအတွက်

တစုံတရာသော တောင်းပန်ခြင်းတခု သာဖြစ်လိုပါသည်

သူကိုယ်တိုင်

ထပ်ကာထပ်ကာ ကြားလိုခဲ့သော်လည်း

သူ, ကိုယ်တိုင်မယုံကြည်နိုင်သေးသော စကားတခွန်းကိုသာ 

ကျုပ် ရိုးရိုးလေးပြောပြချင်သည်

ကျုပ်သူ့ကို သိပ်ချစ်သည်....


ဖြိုးဇာနည်


0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.