0
ကြေးမုံထဲမှ မိုးရေစက်များ
Posted by ဖြိုးဇာနည်
on
Tuesday, December 16, 2008
in
ဇာနည်ကြိုက်တာဒါလေးတွေ
ကျွန်တော့် အသားအရေက နောက်ဆုံးပေါ် အိုးမည်းရောင်။ တရုတ်သိုင်းသမား မဟုတ်ပေမယ့် မျက်နှာမှာ အနာရွတ်ကြီးနဲ့။ ယာဉ်တိုက်မှုတစ်ခုကြောင့် ရခဲ့တဲ့ ဒဏ်ရာကြီးပေါ့။ အဲဒီယာဉ်တိုက်မှုကြောင့်ပဲ အဖေဆုံးသွားတယ်။ ကျွန်တော့် ညာမျက်လုံးတစ်ဖက်က သာမန်ထက် ပိုကျဉ်းနေတယ်။ နှာခေါင်းပေါက်တစ်ဖက်ကတော့ ကျယ်နေတယ်။ ဒီလောက်ဆို ကျွန်တော့်ကို ရုပ်ဆိုးတယ်လို့ ပြောကြတာ မလွန်ပါဘူးလေ။ကမ္ဘာကြီးနဲ့ နှိုင်းယှဉ် တွက်ချက်ရင်တော့ ကျွန်တော့်ထက် ရုပ်ဆိုးတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲမှာ၊ ကျောင်းထဲမှာ၊ အတန်းထဲမှာတော့ ကျွန်တော့်ထက် ရုပ်ဆိုးတဲ့သူ ဘယ်လိုမှရှာမရနိုင်ပါ။ အဲဒီအချက်ကို သိခဲ့တာ အဲဒီနေ့မှာပေါ့။ အဲဒီနေ့ဟာ ကျောင်းတော်ရဲ့အလှဆုံးတစ်နေ့ ဖြစ်တယ်။ ကျောင်းကထိန်နေ့ပါ။ ကျောင်းဝင်းထဲမှာ အလှူပဒေသာပင်တွေနဲ့ ထည်ဝါစည်ကားနေပါတယ်။ အတန်းတိုင်း၊ အတန်းတိုင်းမှာလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်မုန့်တွေလုပ်စား၊ ကစားနည်းတွေ ကစားကြပါတယ်။ ကျွန်တော်တို့ အတန်းမှာလည်း အုန်းနို့ခေါက်ဆွဲ လုပ်စားကြပါ တယ်။ အဲဒီတုန်းက ကျွန်တော်က ခြောက်တန်းပေါ့။ အခန်း မျက်နှာကြက်မှာလည်း ရောင်စုံဖဲကြိုး ပူစီ ဖောင်းကလေးတွေနဲ့ ကဗျာဆန်ဆန် လှပနေတယ်။ကျွန်တော်ကတော့ ထုံးစံအတိုင်း လူတောတိုးဖို့ ရှက်နေပြီး အခန်းရဲ့ နောက်ဆုံးထောင့်က ခုံကလေးမှာ တစ်ယောက်တည်း ထိုင်နေမိတယ်။ အဲလိုနဲ့ မုန့်တွေ ဘာတွေ စားပြီးတော့ ဆရာမနဲ့ ကျောင်းသားတွေနဲ့ ပါဆယ်ဂိမ်းကစား ဖို့ တိုင်ပင်ကြပါတယ်။ ပါဆယ်ဂိမ်းဆိုတာ မဲလိပ်နှိုက်တဲ့ ကစားနည်းပါ။ နောက်ပြီး မဲလိပ်ထဲမှာ ပါတဲ့စာအတိုင်း လုပ်ပြရတာပေါ့။ ဥပမာ- မျောက်လို ကပြပါဆို ကပြရတယ်။ပျော်စရာကောင်းတဲ့ ကစားနည်းပါ။ တချို့ဆို မျက်ရည်ထွက်၊ အူတက်အောင် ရယ်ရတဲ့ သရုပ်ဆောင်မှုတွေ ပါတယ်။ အဲလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် မဲတွေနှိုက် ကစားကြရင်း ကျွန်တော့်မဲ နှိုက်ရမယ့်အလှည့် ရောက် လာခဲ့ပါတော့တယ်။ ကျွန်တော့်အလှည့်။ ကျွန်တော့် အလှည့်ကျမှ ထူးခြားပြီး တစ်ခန်းလုံး ငြိမ် သက်အေးစက်သွားသလို ခံစားလိုက်ရတယ်။ ကျွန်တော် မဲလိပ်ဖွင့်ပြလိုက်တော့..."ဟာ" "ဟာ" "ဟင်"အားလုံးနဲ့ ယှဉ်ပြီး ကျွန်တော်လည်း အံ့သြသွားပါတယ်။ မဲလိပ်ထဲက စာ က..."မေငြိမ်းနဲ့ တွဲပြီး သီချင်းတစ်ပုဒ် ဆိုပြပါ"တဲ့။အားလုံးက သဘော မတူကြတော့ဘူး။ မေငြိမ်းဆိုတာ အတန်းထဲမှာ အလှဆုံး၊ အချမ်းသာဆုံးလို့ နာမည်ကြီး နေတဲ့ ကောင်မလေးပေါ့။ ကျွန်တော် မေငြိမ်းကို တစ်ချက်ကြည့်လိုက်တော့ သူမလည်း အကြီးအကျယ် မျက်နှာပျက်နေတယ်လေ။ ကျွန်တော်နဲ့ တွဲပြီး သီချင်း ဆိုရမှာ သူ မပြောနဲ့၊ ဘယ်သူ မှ လက်ခံမှာ မဟုတ်ပါ။"အဓိပ္ပာယ် မရှိတာကွာ""သူ့ဟာသူ တစ်ယောက်တည်း ဆိုခိုင်းလိုက် ဆရာမ"ဒါ လူအုပ်ထဲက ထွက်လာတဲ့ အယဉ်ကျေးဆုံး အော်သံကလေးတွေပေါ့။ ရပါတယ်၊ ကျွန်တော် ခေါင်းငုံ့ လျက်ပါ။ ကံကြမ္မာက မျက် နှာသာပေးလို့ မဲလိပ်ကလေး က သဘောတူတဲ့ကိစ္စကို "အဓိပ္ပာယ်မရှိတာကွာ" ဆိုတဲ့ အသံက ထက်ပိုင်းကျိုးအောင် ရိုက်ချိုးပစ်လိုက်တယ်။ နောက်ဆုံး ဆရာမ ကပါ ၀င်ဖျောင်းဖျတော့တယ်။ ရပါတယ်။ ကျွန်တော် အားငယ်စိတ်ကို ဟန်ဆောင် အတတ်နိုင်ဆုံး ပြုံးပြီးဆိုနိုင်ခဲ့တယ်။ သီချင်းတော့ မဟုတ်ဘူး။ ကျွန်တော် ဘာသီချင်းမှ ကောင်းကောင်း မရတာနဲ့ ဆရာဇော်ဂျီရဲ့ မထင်မရှား ကဗျာတစ်ပုဒ်ကို ဆိုပြခဲ့ရတော့တယ်။ ကဗျာရဲ့ အမည်က "မျှော်လင့်ချက်" တဲ့။နောက်တစ်လွှားသို့ဝင်သွားလေပြီ၊ နေနီနီအားဇော်ဂျီမျှော်တ၊ ၀မ်းနည်းရလည်းအလှသစ်ဖန်၊ မနက်ဖြန်ဝယ်ရောင်လျှံရွှေခဲ၊ ညီလာပွဲနှင့်သူပဲပေါ်လာဦးမည်တကား။အဲဒီကဗျာကလေးကိုပဲ အခေါက်ခေါက် အကြိမ်ကြိမ် ရွတ်ရင်း စုတ်စုတ်ပြတ်ပြတ် မျှော်လင့်ချက်လေးကို ကိုင်ကာ အိမ်ပြန်ခဲ့ရတယ်။ ကျောင်းတော်ရဲ့ ပွဲတော်က အစောဆုံး ထွက်ခဲ့သူက ကျွန်တော်ဖြစ်မှာ သေချာပါတယ်။ လမ်းမပေါ်မှာ ကျိုးကျနေတဲ့ သစ်ကိုင်းခြောက် ကြီးကို ကျွန်တော် တွေ့လိုက်တယ်။ အဲဒီသစ်ကိုင်းခြောက်ကြီးကို ကောက်ကိုင်ပြီး အိမ်ပေါ်ကို တ၀ုန်းဝုန်း ပြေးတက် သွားခဲ့တယ်။ အခန်းထဲမှာ ချိတ်ထားတဲ့ မှန်ကြီးကို အားရအောင် ကြည့်ပြီး လက်ထဲ က သစ်ကိုင်းခြောက်ကြီးနဲ့ အားကုန် လွှဲရိုက်ပစ်လိုက်တယ်။"ခွမ်း""ခလွမ်း""ဟဲ့ သား"မှန်စတွေ ကြဲဖြာကွဲ ထွက်ကုန်တယ်။ "သားရယ်" လို့ အမေက ကြင်ကြင်နာနာ ခေါ်ပြီး ကျွန်တော့်ကို ထွေးဖက်ထားလိုက်တယ်။ ကျွန်တော်လည်း အမေ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး အားရပါးရ ငိုပစ် လိုက်တယ်။ ကျွန်တော့် အတွက်တော့ မှန်ကြည့်ခြင်းဟာ ကန္တာရထဲမှာ ထိုင်ပြီး မီးတောက်ကို စားနေရသလို ပူပြင်းလောင်မြိုက်တယ်။ အမေက ကျွန်တော့်နဖူးကို နမ်းပြီး တရှိုက်ရှိုက်ငိုတယ်။ ကျွန်တော် ဘာဖြစ်ခဲ့လဲ မသိပေမယ့် အမြဲ ကြိုတင်နား လည်တတ်တဲ့ အမေပေါ့။ အဲဒီနေ့ကို ကျွန်တော့်ရဲ့ ဒိုင် ယာရီစာအုပ် ပထမဆုံး စာမျက်နှာမှာ ခေါင်းစဉ်လှလှလေး တပ်ပြီး ကြေကြေ ကွဲကွဲ ရေးခဲ့တယ်။ အဲဒီ ခေါင်းစဉ်က "ကြေးမုံထဲက ကန္တာရ"တဲ့။ အဲဒီနေ့ကစပြီး ကျွန်တော့်အိမ်မှာ မှန်မထားတော့ဘူးလေ။ မုန်းတီးလွန်း လို့ပါ။အဲဒီအဖြစ်အပျက် နောက်ပိုင်း အတန်းထဲမှာ ကျွန်တော်ဟာ အများသူငါ တို့ရဲ့ လှောင်မောစရာ သတ္တ၀ါတစ်ကောင် ဖြစ်ခဲ့ရတယ်။ ဆရာမဆီ အိမ်စာပြရတဲ့နေ့တွေဆို ကျွန်တော် လူ အားလုံးရှင်းမှ စာသွားပြလေ့ ရှိတယ်။ ဒါတောင် ဆရာမက ကျွန်တော့်ကို ပြောပါသေး တယ်။ "လက်ရေးကျတော့ ဘယ်ဆိုးလို့လဲ"တဲ့။ဆရာမစကားကြောင့် တစ်ခန်းလုံး ကျွန်တော့်ကို ၀ိုင်းဟားပစ်လိုက်ကြတယ်။ ဒါတွေဟာ ကျွန်တော့်ဘ၀ရဲ့ အယဉ်ကျေးဆုံး ဒဏ်ရာလေး တွေပါ။ဒါပေမယ့် ကျွန်တော်ဟာ ဆယ်တန်းလည်း ရှောရှောရှူရှူ အောင်ခဲ့ပါတယ်။ အောင်စာရင်း ထွက်တဲ့နေ့က အကြောင်း ပြောရဦးမယ်။ ကျွန်တော်အောင်တော့ ဘယ်သူမှ မချီးကျူးတဲ့အပြင် "ဒီကောင်လည်း အောင်တာ ပဲလား"တဲ့။ သြော်... ကျွန်တော့်ဘ၀က သူတို့မျက်စိထဲမှာ အမြဲရှုံးနိမ့်နေတဲ့ ကောင်ပါလားလို့ သိခဲ့ရတယ်။ စာမေးပွဲအောင်တာတောင် အိမ်ပြန်လမ်းတွေကတော့ ရိုးရာမပျက် ခေါင်း ငိုက်စိုက်ရင်းနဲ့ပေါ့။ဒီလိုနဲ့ပဲ ကံ့ကော်တွေ အပြိုင်အဆိုင် မင်းမူကြတဲ့ တက္ကသိုလ်မြေကို ကျွန်တော် တစ်ယောက် ရောက်ခဲ့ရပြန်တယ်။ အများစုအတွက်တော့ သိပ်ကို ပျော်စရာကောင်းမယ့် နေ့သစ်တွေပေါ့။ ကျွန်တော့် အတွက်ကတော့ ငယ်ငယ်က ကျောင်းထက် အခုတက္ကသိုလ် ဆိုတဲ့ကျောင်းက ပိုပြီး ကြီးမားလွတ်လပ်တယ် ဆိုတဲ့ အသိတစ်ခုပဲ ရှိတယ်။တက္ကသိုလ်ရဲ့ ပျိုမေတို့က လှကြပါတယ်။ ခရေရိပ် ခုံတန်းလျားမှာ ခေါင်းစဉ်မရှိဘဲ ချစ်ခဲ့ကြတဲ့ သူသူငါငါ စုံတွဲတွေကလည်း တက္ကသိုလ် ဆိုတဲ့ ပန်းချီကားကို ပိုမိုခမ်း နားစေခဲ့တယ်။ အားလုံးလိုလို က ပိုင်ရှင်ရှိပြီးသားတွေပေါ့။ ကျွန်တော်ကတော့ ထုံးစံ အတိုင်း လွယ်အိတ်အထုံး ကလေးနဲ့ အကျည်းတန်စွာ အထီးကျန်ဆဲပေါ့။ အဲလို အတွေးတွေနဲ့ ရပ်နေတုန်း..."ဟာ ဆောရီးဗျာ""တော်စမ်းပါ။ ဇာတ်လမ်းလာမရှာပါနဲ့။ ရုပ်ကို က..."ကောင်မလေးက ကျွန်တော့်ကို အရင်ဝင်တိုက်တာပါ။ ဒါပေမယ့် ကျွန်တော့်ဘက်က အမှားမဖြစ်အောင် အရင်တောင်းပန်ခဲ့ပေမယ့် ရှောင်လွှဲမရတဲ့ မှားယွင်းမှုက အဆိပ်လူးတဲ့ စကားလုံးတွေ အဖြစ် ရင်ဘတ်ကို ထွင်း ဖောက်သွားတယ်။ ကျွန်တော့် ဘ၀ရဲ့ ထုံးစံအတိုင်း အိမ်ပြန် လမ်းတွေဟာ ခေါင်းငိုက်စိုက် ရင်းပေါ့။ အားငယ်ဆွေးမြည့် မှုတွေကို သေတ္တာထဲ ထည့်ပြီး ထမ်းလာသလားလို့တောင် ကောင်းကင်က ကြည့်ပြီး အမြင်မှားရင် မှား လိမ့်ဖွယ်ပေါ့။ပုံပြင်ထဲက နဂါးရိုင်း တစ်ကောင်လို ကံကြမ္မာက ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတွေ ကို စားသုံးနေတယ်လို့ ခံစားရတယ်။ ကျွန်တော့်ရဲ့အစောင့် ထိန်းဆုံး စာရိတ္တလေးတောင် ၀ါးမျိုခံရတဲ့ တစ်နေ့ကိုလည်း ဘယ်မမေ့ပါ။ ကျွန်တော် ခြောက်တန်း ကျောင်းသား ဘ၀က အဖြစ်အပျက်ကလေး နဲ့ အလားတူပေါ့။အဲဒီနေ့ကလည်း ခါတိုင်းနေ့တွေလိုပါပဲ။ ကျောင်းဆင်းလို့ ကားဂိတ်ကို သွား၊ ကျောင်းကားစောင့်။ နည်း နည်း လူချောင်တဲ့ကား တက်စီးခဲ့တယ်။ ခရီးတစ် ၀က်လောက်ရောက်မှ..."ခါးပိုက်နှိုက်ရှင့်... ခါးပိုက်နှိုက်"အဲဒီအော်သံကြောင့် ကားထဲက လူတွေလည်း ထိတ်ထိတ်လန့်လန့် ဖြစ်ကုန်တာပေါ့။ ပိုက်ဆံအိတ် ပျောက်တဲ့ကောင်မလေးက ကားစီးလာရင်းနဲ့ ရုတ်တရက် သူ့အိတ်ကို ဆွဲယူသွားတာလို့ ပြောတယ်။ ကားဆရာ၊ စပယ်ယာနဲ့ ကျောင်းသား တချို့ တိုင်ပင်ပြီး ကားပေါ်က လူတွေဆီမှာ စစ်ဆေးပါ တော့တယ်။ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးရင်း ကျွန်တော့်အလှည့် ရောက်လာ ပါရော။ သူတို့ စစ်ဆေးလိုက် တော့ ကျွန်တော့်လွယ်အိတ် ထဲမှာ အံ့သြဖွယ်ရာ ကောင်မလေးရဲ့ ပိုက်ဆံအိတ်ကို ရှာ တွေ့သွားခဲ့တယ်။ ကျွန်တော် ယူတာ မဟုတ်ကြောင်း ရှင်းပြဖို့ ကြိုး စားပေမယ့်..."ခွပ်" "ဖုံး""အား""ချကွာ၊ မညှာနဲ့""...စား၊ ဘယ်တုန်းက လုပ်စားနေလည်း မသိဘူး"မညှာမတာ စကားလုံး တွေအပြင် မဆင်ခြင်တတ်တဲ့ အပြုအမူ၊ ဘယ်အချိန်ကတည်းက လက်ယားနေမှန်း မသိတဲ့ ကြောက်မက်ဖွယ် လူတွေရဲ့ ကန်ကျောက်မှုမှာ ကျွန်တော် မသေရုံတစ်မယ်သာ ရှိတော့တယ်။"ရုပ်နဲ့လည်း လိုက်ပါ ပေတယ် ထွီ" တဲ့။အဲဒီစကားသံနဲ့ တံတွေးစက်ဟာ ကျွန်တော့်အရှိုက်က သွေးထွက်သလို နာခဲ့တယ်။ ပါးပြင်ပေါ် နေခုနစ်စင်းခြံရံ တဲ့ မျက်ရည်ပူတွေ စီးမျော လာခဲ့ပေါ့။အချုပ်ထဲမှာ တစ်ည အိပ်ခဲ့ရတယ်။ နောက်တစ်နေ့ ကျမှ အမေ့ရဲ့ အာမခံနဲ့ ထွက်ခဲ့ရတယ်။ အမေက မျက်ရည်ရောနေတဲ့ အပြုံးနဲ့ ကြိုတယ်။ ဘယ်သူ့ကိုမှ မရှင်းပြရင်နေ၊ အမေ့ကိုတော့ ကျွန်တော် ရိုးသားကြောင်း ရှင်းပြချင်တယ်။"အမေ... သားလေ"အမေက ကျွန်တော့်ကို ရှင်းပြခွင့် မပေးပါ။"သား ဘာမှမပြောပါ နဲ့။ အမေ နားလည်ပါတယ် သားလေးရယ်"စကားဆုံးတော့ အမေ့ ကို ကျွန်တော် ပွေ့ဖက်ထား လိုက်တယ်။ခံနိုင်ရည် ရှိသွားပြီပဲ ဆိုမလား။ နောက်ပိုင်း ဘာပြဿနာဖြစ်ဖြစ် ကျွန်တော် လောကတံတားပေါ်မှာ ကုတ်ခြစ်ရပ်တည်ခဲ့တယ်။ ရတယ်။ အိမ်ပြန်ရင် ဘတ်စ်ကား လုံးဝ မစီးဘူး။ ခြေထောက်ရှိတယ်။ လမ်းလျှောက်မယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာစွာနဲ့ လမ်းကူးမီး ပွိုင့်တစ်ခုကို ကျွန်တော် ရောက်ခဲ့တယ်။ မီးနီနေချိန်မို့ ခဏရပ်ရတယ်။"ဟာ..." "ဟင်""ဟို...ဟို အဘွား ကြီး""ကျွီ... ဒုန်း"အဖြစ်အပျက်က မြန်ဆန်လွန်းတယ်။ လေးလံလွန်းတဲ့ မျက်ခွံကို ဖွင့်ကြည့်လိုက်တော့ ဆေးရုံကြီးတစ်ခုရဲ့ ခုတင်ပေါ်မှာပါလား။ေ၀၀ါး တဲ့ မျက်လုံးကို ပွတ်သပ် ကြည့်လိုက်တော့ ကျွန်တော့် ခုတင်ဘေးမှာ အမေ၊ ပြီး တော့ အဘွားအိုတစ်ယောက်၊ ပြီးတော့ ပိုက်ဆံအိတ်ပျောက်တဲ့ ကောင်မလေး။ ကျွန်တော့်ကို ကန်ကျောက်ခဲ့ဖူးတဲ့ ကားဆရာနဲ့ စပယ်ယာ။ ပြီးတော့ ယာဉ်ထိန်းရဲသားကြီးတချို့။"အစ်ကို့ကို ကျေးဇူး တင်ပါတယ်။ ကျွန်မအဘွား မှာ အစ်ကိုပေးတဲ့ အသက်ပဲ ရှိပါတော့တယ်"ဒါ ပိုက်ဆံအိတ်ပျောက် တဲ့ ကောင်မလေးရဲ့ ကျေးဇူး စကားသံပေါ့။ ဒါဆို ဒီအဘွားအိုက ကောင်မလေးရဲ့အဘွား အိုပေါ့။ အဘွားအိုက ကျွန်တော့်မျက်နှာကို လက်နဲ့ စမ်းရင်း..."အဘွားကတော့ မျက်စိမမြင်ရဘူး လူလေးရဲ့။ ဒါပေမယ့် အဘွားမမြင်ရလည်း သိပါတယ်။ ဒီလို သူများအကျိုးအတွက် ကိုယ် ကျိုးစွန့်တဲ့ လူလေးဟာ လူချောလေးတစ်ယောက်ပဲ ဖြစ် လိမ့်မယ်ကွယ်"အဘွားအိုရဲ့ စကားဆုံးတော့ ကျွန်တော့် မျက်ရည်တွေ ဝေ့၀ဲလာပါတယ်။ အမေက စီးကျလာတော့မယ့် ကျွန်တော့် မျက်ရည်ပူတွေကို လက်ကိုင်ပ၀ါလေးနဲ့ ကြိုတင် သုတ်ပေးရင်း ပြုံးနေတယ် လေ။တစ်ချိန်က မဆင်ခြင်ခဲ့တဲ့ ကားဆရာတွေ၊ စပယ်ယာတွေကလည်း ကျွန်တော့်ကို တရားမစွဲဖို့ တောင်းပန် နေကြတယ်။ သြော်... လူတွေ သူတို့အလှည့်ကို ရောက်လာတဲ့ အိပ်မက်ဆိုး ကိုတော့ မမက်ချင်ကြဘဲ။ ဒါပေမယ့် ဒီနေ့အတွက်တော့ ကျွန်တော် အားလုံးကို ခွင့် လွှတ်ပြီး ပျော်ရွှင်နေမိတယ်။ အဘွားအိုနဲ့ ကောင်မလေးကလည်း ကျေးဇူးစကားတွေ မဆုံးနိုင်အောင် ပြောရင်းပေါ့။ ဆေးရုံးကဆင်း အိမ်ပြန်ခဲ့ တော့..."ဟာ..."ကျွန်တော် အံ့သြသွားတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်နဲ့ ဝေးကွာနေတဲ့ မှန်တစ်ချပ်။ နံရံအထက်မှာ ထည်ဝါစွာ တည်ရှိနေတယ်။ ကျွန်တော် မှန်ကို ကြည့်လိုက်တော့ ကျွန်တော့်ရုပ်... ကျွန်တော့်ရုပ် မပြောင်းလဲခဲ့ပါ။ ဒါပေမယ့် ကြည့်ရတာ ပျော်ရွှင်မိတယ်။ အမေ့ကို လှည့်ကြည့်လိုက်တော့ အမေ က မျက်ရည်ဝဲကာ ပြုံးရင်း ခေါင်းညိတ်ပြတယ်။ ကျွန်တော် ပြုံးလိုက်မိတယ်။ ဘယ်အချိန်ကြည့်ကြည့် ကန္တာရဆန်စွာ ပူလောင်နေတဲ့ ကြေးမုံ၊ ဒီနေ့ သာယာအေး မြနေသလိုပဲ။ ကြည့်ရင်း ကြည့်ရင်းနဲ့ ကြေးမုံထဲမှာ မိုးစက်တွေ သွန်းဖြိုးနေသလို မြင်မိတယ်။ ဒါပေမယ့် အပြင် လောကမှာ အဘယ်မိုးစက် တွေမှ မကျခဲ့ပါ။
Post a Comment