0
အော်တာနေးတစ် ကျွန်တော်
Posted by ဖြိုးဇာနည်
on
Tuesday, January 06, 2009
in
ဇာနည်ကြိုက်တာဒါလေးတွေ
ကျွန်တော်နှင့် မစံပယ်ဖြူ
လ၀န်းကပင်လျှင် ရနံ့ လင်းလင်းကလေးဖြင့် ပွင့် နေသည်။ ကြယ်အဖွားအို တွေက ဗျစ်တောက်တောက်နှင့်။ မိန်းမတစ်ယောက်က ပိုက်ဆံဆယ်ပြား လိုက်ရှာနေသည်။ တွေ့လျှင်သူတောင်းစားကို ပေးမည်ဟု သိရ၏။ သူတို့အကြောင်းကို ကျွန်တော် ဆက်မတွေးချင်တော့။ ခြောက်ကြိုးလုံးကိုလျှော့ထားလိုက်ပြီ။ ၀တ်ရုံက ဖားဖားကြီး ဖြစ်သည်။ ဓါတ်ပြားက ပြားပြားကြီးဖြစ်၏။ ထို့ကြောင့် ထိုသူရဲကောင်းကို ကြည့်ရသည်မှာ ဖားအပြားကြီးနှင့် တူနေသည်။ သစ်သီးအကြွေ ကောက်ကြမလား။ သူတစ်ပါး၏ ကြယ်ကြွေသံကို နားထောင်ရမှာ မသထီစရာပေ။ ငှက်ကအတောင်ပံနှင့် ပျံ၏။ နေလုံးက တောင်ပံမပါဘဲ ပျံသည်။ ဘာထူးခြားသလဲ။ ဖြစ်နိုင်ချေဆိုသည်ကတော့ များနိုင်သည်။ အားလုံးက ပန်းတစ်ပွင့် ထဲပေါ်မှာ ခုံနံပါတ် လုပြီးထိုင်နေနိုင်သည်။ တစ်ခါတစ်လေ ကိုယ့် ကိုကိုယ် ချောင်းကြည့်စမ်းပါ။ ချောင်းကြည့်ပေါက်ကိုတော့ ဘုရားသခင်ဆီ မှာမေးကြည့်ပေါ့။ အချို့ ချောက်ကမ်းပါး နှစ်ဘက်က လူတစ်ရပ်စာမျှသာ ကွာဝေးနိုင်သည်။ ကျွန်တော် ခုန်မကူးဖြစ်ပါ။ ကျွန်တော်က လူမဟုတ်၍ဖြစ်နိုင်သည်။ သို့တည်းမဟုတ် လူတစ်ယောက်အပေါ် ခုန်မကူးချင်၍လည်း ဖြစ်နိုင်သည်။ ကိုယ့်ထက်အရပ်မြင့်သော တောင်ဝှေးကို ဘယ်အချိန်မှာ ဆုပ်ကိုင်ရမည်လဲ....။ အဲဒီကြက်ဖကြီးလို ပျင်းပျင်းတွဲတွဲသာ တွန် လိုက်ချင်သည်။ လေးသည်တော်က သူ့မြားကို လိုက်အော်ခေါ် နေသည်။ လောကကြီးက ၀ိုင်းကြီးပတ်ပတ် ဒူဝေသည်။ ရေထဲမှာ မျောရင်း ခြေချော်လဲနေသည်။ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး အင်္ကျီဝတ်ထားသည့် လူသုံးယောက်ရောက်လာသည်။ အားလုံး တည့်မတ်သော်လည်း တစ်ခုခုလွဲနေ၏။ ပုလွေမှုတ်သံကိုရော ကြားသလား။ မြွေတွေကြားမှာ အစွယ်မချိုးဘဲ ကကြည့်စမ်းပါ။ မျက်ရည်ဆိုတာကရော ဘာတုန်း။ မျက်လုံးထဲ သဲဝင်လို့လား။ နှလုံးသားထဲ သဲဝင်လို့လား။ ထုံးစံ အတိုင်း ကျွန်တော့်စိတ်တို့  မကွဲပြားခဲ့ပါ။ ဘာပဲဖြစ်ဖြစ် မစံပယ်ဖြူ ကို ကျွန်တော် ချစ်သည်။ သူ့အကြောင်း ကဗျာတွေရေးရတာ... မပျံနိုင်သော ငှက်စုန်းတစ်ကောင် တောင်ပံခတ်နေရသလို ညို့ပြာသည်။ ပွင့်ချပ်က လေးခုတည်း။ ဖယောင်းတိုင် အလင်းက ဘာကြောင့် အ၀ါတဖွဲဖွဲ ဖြစ်နေရတာတုန်း။ ၀ုန်းဆိုပြီး မိကျောင်းက ထပွက်သည်။ မိစ္ဆာသည် တစ်ယှူဇနာမှ လှမ်းကြည့်ရဲ သူအတွက် တစ်မျိုးတစ်ဖုံ လှပနိုင်ပါသည်။ အဲဒီနေရာကို မသွားပါနဲ့ ကလေးရယ်။ အမေ့ရင်ခွင်က အလွန်ကျယ်မြပါသည်။ အိပ်မက်ကို ငံပြာရည်လို ချိုပစ်လိုက်၏။ ဘ၀က ဖိနပ်ကို ကြိုးငုံ့ ချည်နေတုန်း ........။ မစံပယ်ဖြူက ကျွန်တော့်ကို မုန်းသွားသည်....။

Post a Comment