0
အိမ်မက်ထဲကကျွန်တော်
Posted by ဖြိုးဇာနည်
on
Wednesday, January 28, 2009
in
ကျွန်တော့်အကြောင်း
အိမ်မက်ကိုငြီးငွေ့ခြင်း
သူသည် ကလေးဘဝက ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့သည်။ သူ့ဘဝသည် ကောက်ကြောင်းများ၊ ရောင်စုံခဲတံများ၊ စာရွက်အလွတ်များ၊ ကျောင်းက စာရေးစားပွဲခုံများ၊ အိမ်ကနံရံများ ပေါ်တွင် သူ့၏ လက်ရာများကိုမြင်တွေ့နိုင်၏။
သူသည် ငယ်စဉ်ကတည်းက ဂီတသမားတစ်ယောက်လည်းဖြစ်ခဲ့သည်။ ပွဲဈေးတန်းမှ အဘွားဝယ်ပေးသော ကလေးဂစ်တာလေးကိုကိုင်ကာ ရုပ်မြင်သံကြားမှလာသော သီချင်းများအတိုင်းရပ်ကွက်ကို သီဆိုဖျော်ဖြေခဲ့ဘူးသည်။
ရလာဒ်အဖြစ် အဘွားသည် သူ့မြေးအတွက် ဂစ်တာအသေးလေးတစ်လက် စပါယ်ရှယ် အော်ဒါမှာပေးခဲ့သည်။ ထိုဂစ်တာလေးရတုန်းက သူ့မှာ ပျော်မဆုံး မော်မဆုံးပေါ့။
သူသည် ကလေးဘဝက သိုင်းဆရာလည်းဖြစ်ခဲ့ဘူးသည်။ မှောင်ရီမိုးချုပ် ဘောလုံးကွင်းထဲတွင် ရွယ်တူများနှင့် သိုင်းရူး ရူးခဲ့ဘူးသည်။
ထို့နောက်တွင်တော့ ဘောလုံးပိုးဝင်ကာ ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြန်သည်။ ကျောင်းတွင်ကန်သည်၊ ရပ်ကွက်ထဲတွင်ကန်သည်။ နေရာစုံတွင်လိုက်ကန်သည်။ နဖူးကွဲ၊ ဒူးပြဲ...ရန်ပွဲများ...
သူသည် ရေမှာပျော်သော ဒင်ကျီးငှက်တစ်ကောင်လည်းဖြစ်ခဲ့သည်။ တစ်ခြားနိုင်ငံများသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ မုဆိုးစိုင်သင်ရင်း အမဲလိုက်အက ပြိုင်ပွဲများ၏ အထာကိုလည်း သဘောပေါက်လာခဲ့သည်။
ရာသီတွေ နာရီတွေနှင့်အတူ သူ့ခံယူချက်များ စိတ်ထားများလည်း ပြောင်းလဲလာသည်။
အထက်တန်းကျောင်းသားဘဝတွင် သူသည် အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ချင်ခဲ့သည်။ သို့သော် တစ်နှစ်တာသင်တန်းတက်ကာ သူသည် ပင်လယ်ပျော် စင်ရော်တစ်ကောင်ဖြစ်ခဲ့သည်။
တစ်ဖန်သူသည် မြေဓာတ်၏ ဆွဲငင်အားကြောင့် ကုန်းပေါ်တွင် ကုန်သွယ်ရေးပညာသင်ယူခဲ့ပြန်သည်။
ထို့နောက်တွင်တော့ မိမိ၏လွတ်လပ်ခွင့်ကို လက်မှတ်တစ်ခုနှင့် ၃ နှစ်တာလဲလှယ်ခဲ့ပြန်သည်။
ယခုအချိန်တွင် သူအဖြစ်ချင်ဆုံးသောဆန္ဒမှာ အိပ်မက်ဖြစ်နေလေသည်။ သို့သော် ဖြစ်ချင်ရာမဖြစ်သည့်လောကထဲတွင် မျှော်လင့်ချက်ဆိုသည်မှာလည်း ပင်ပင်ပန်းပန်းရှိလှသည်။ ထို့ကြောင့်အိပ်မက်များအား သူလွှတ်ချထားခဲ့သည်မှာ ဖုန်များပင် အလိမ်းလိမ်းတက်နေလေပြီ။ တစ်ခါတစ်လေတော့လည်း ဖုတ်ဖက်ခါကာ ထိုအိပ်မက်များကို သူတစ်ခုချင်းလိုက်ဝတ်ကြည့်နေမိသည်။ နောက်ထပ် အိပ်မက်င်္အင်္ကျီင်္င်္ ဘယ်နှစ်စုံလောက်လဲဝတ်ရဦးမည်လည်း သူမသိသေး။
သေချာတာကတော့.....
ထိုသူ့၏ အိပ်မက်များမှာ ကျွန်တော့်၏ အိပ်မက်များပင်ဖြစ်လေသည်။

Post a Comment