0

စာရင်းလက်ခံသည်

Posted by ဖြိုးဇာနည် on Wednesday, January 28, 2009 in
ကျွန်တော့်ဟန်နီ
တစ်အချက် - မိန်းကလေးဖြစ်ရမည်။ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဗုလတော်လေးဝတွင် သုံးဝလောက်ဝင်လည်းဖြစ်ပါသည်။
ရှာရာပိုဗာလောက် မလှရင်နေပါ။ သို့သော်ပပဝတီလောက်ချောရင် အပြစ်မပြောပါ။မီးမလာသည့်အချိန်ဆိုလျှင် ခုနှစ်ဆောင်တိုက်ခန်းမီးမထွန်းပဲလင်းနေမည့်အတွက် ဖယောင်းတိုင်ဖိုး မီးစက်ဖိုး ဓာတ်ဆီဖိုးသက်သာမည်။

နှစ်အချက် - အိမ်ဖော်ကို လက်ထပ်ခြင်းမဟုတ်သည့်အတွက်မီးဖိုချောင်ထဲက မထွက်ပဲ ထမင်းဟင်းချက် အဝတ်လျှော်
မီးပူတိုက် စသည့်ဗာဟီရကိစ္စများဖြင့် အလုပ်ရှုပ်ခိုင်း ထားမည်မဟုတ်ပါ။ အိမ်ရှင်မ ပီသရင်ကျေနပ်ပါမည်။

သုံးအချက် - ဒီခေတ်ကြီးထဲတွင် ဦးနှောက်ကောင်းဖို့လိုပါမည်။ကျွန်တော်ကလက်သီးဆုပ်ပြလျှင်သူကလက်ဝါးတစ်ခါတည်း
ဖြန့်ပြတတ်သောအရည်အချင်းရှိရမည်။ပညာအရည်အချင်းကျွန်တော့်ထက်သာလည်း အရေးမကြီးပါ။အဓိက က တိုင်ပင်ဖော် တိုင်ပင်ဖက် တိုးတိုးဖော်ဖြစ်ရပါမည်။ မှတ်ချက်။ ။နားမလေးရပါ..

လေးအချက် - ကျွန်တော် အိမ်တွင် ဘီယာသောက်သည့်အခါ အမြည်းမလုပ်ခိုင်းပါ။သူ့အသိစိတ်ဓာတ်ကိုသာ တန်ဖိုး
ထားလေးစားပါမည်။သူလည်းသောက်ချင်လျှင် ကျွန်တော့်ဘေးတွင် ဝိုင် သောက်ခွင့်ပေးမည်။

ငါးအချက် - အိမ်တွင်တစ်ယောက်တည်းသောက်ရသည်မှာပျင်း၍ အပြင်မှာထွက်၍သူငယ်ချင်းအပေါင်းအသင်းများနှင့် ဆယ်ခွက်ဆယ်ဖလားချီးမြှင့်သည့်အခါဖုန်းတတီတီဆက်၍ အိမ်စောစောပြန်ရန်ခေါ်ခြင်း၊ညဉ့်နက် ပြန်လာချင်သည့်အချိန်တွင် လာသည့်အခါတွင်လည်းအိမ်တံခါးမဖွင့်ပေးပဲနှင့် ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြခြင်းညလယ်စာမကျွေးခြင်းများကို အထူးတားမြစ်ပါသည်။ ထိုကိစ္စရပ်များကိုနားဖာကလော်သည့် သံတုတ်လက်နက်ကိုင်၍ အကြမ်းဖက်ချေမှုန်းသင့်လျှင်
ချေမှုန်းမည်။ ထို့ပြင် အိမ်ပြန်နောက်ကျသည့်အခါများတွင်အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ငိုက်၍သော်လည်း
ကောင်းကျွန်တော့်အားစောင့်နေရန်မလိုပါ။ ထမင်းစားခန်းထဲတွင် ညလယ်စာပြင်၍ထမင်းပူပူအား ယပ်ခတ်ပေးရင်းစောင့်နေရင် လက်ခံပါမည်။

ခြောက်အချက် - ကလေးချစ်တတ်ရပါမည်။ ကျွန်တော့်မျိုးဆက်သစ်များဖြင့် လက်မခံပဲအိမ်နီးနားချင်းများ၏ ကလေးငယ်များကိုအိမ်သို့တစ်ရက်သုံးခေါက်ခေါ်ဆောင်လာနိုင်စွမ်းရှိရမယ်။

ခုနှစ်အချက် - ကျွန်တော်ဆေးလိပ်သောက်လျှင်လည်း အနားတွင်နေ၍နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ပြခြင်း၊ လက်ဖြင့် အငွေ့များကိုခပ်ကာ
မျက်နှာကိုရှုံ့မဲ့ထားခြင်းများ မလုပ်ရပါ။ ဆေးလိပ်ငွေ့ကင်းဝေးရာသို့အေးအေးလူလူ လမ်းလျှောက်ထွက်ခွာခွင့်ပြုသည်။ ဆရာဝန်သုံးသည့်နှာခေါင်းအုပ်သည့် မျက်နှာဖုံးများလည်း အလိုရှိသလောက်ဝယ်ထားခွင့်ပြုမည်။

ရှစ်အချက် - ကျွန်တော့်အဖေနှင့် အမေကို သူ၏ အဖေ အမေအရင်းကဲ့သို့သဘောထားရပါမည်။ ကျွန်တော်က သူ့အဖေအမေကို ယောက္ခထီး၊ယောက္ခမ အနေဖြင့် ရိုသေလေးစားပါမည်။

ကိုးအချက် - အလုပ်မှအိမ်ပြန်ရောက်သည့်အခါ ကော်လာကို စစ်ဆေးခြင်း၊မိန်းကလေးရေမွှေးနံ့ရမရ အယ်ဇေးရှင်းကဲ့သို့ အနံ့ခံခြင်းအား ကန့်ကွက်သည်။ထိုအရာများအစား သနပ်ခါးလူးထားသော ပါးပြင်နှစ်ဘက်ဖြင့်အာပွားရှလူးပေးကာ နွေးထွေးစွာကြိုဆိုရမည်။ (ဟေး..ဟေး…ငါကွ)

တစ်ဆယ်အချက် - ပိုက်ဆံရှာရသမျှကို ကျွန်တော့်မိဘအားလစဉ်ထောက်ပံ့၍ကျန်သည့်ပိုက်ဆံအား အကုန်အပ်ချင်သည့်အခါတွင် အပ်မည်။တစ်ခါတစ်လေတွင် ရန်ဘုံးငွေထား၍ ဒိုရှိင် သုံးစရာရှိသည့်အရာများကိုကပ်ဒိုးလေးအသုံးချမည်ဖြစ်သည်။

နောက်ဆုံးအချက်အနေနှင့် မယားဝတ်တရားငါးပါး၊ကောင်းခြင်းအင်္ဂါမှန်သမျှနှင့် ပြည့်စုံကုံလုံစရာမလိုအပ်ပါ။ တစ်ပါးနှစ်ပါး
ချို့ယွင်းနေလျှင်လည်း သဘောထားကြီးစွာဖြင့် ခွင့်လွှတ်မည်ဖြစ်သည်။
အထက်ပါအချက်များအပြင် ကျွန်တော်အခါအားလျှော်စွာ ထပ်မံဖြည့်စွက်သည့်အချက်များကို ခံတန်တန်မလုပ်ပဲ လိုက်နာနိုင်သည့်သူဖြစ်ရမည်။

စိတ်ပါဝင်စားသူများစာရင်းပေးသွင်းရန်အကန့်အသတ်ဖြင့်သာလက်ခံသည်။ (ဟဟ)
ပုံ/ဖြိုးဇာနည်

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.