0

လူသားတို့၏ဓမ္မတာ...

Posted by ဖြိုးဇာနည် on Monday, November 03, 2008 in
ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့

စာဖတ်သူတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။
ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။
တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။
ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့သတဲ့ကွယ်။
အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။
ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ၀ိုင်း "သမ" ကြသတဲ့။ (ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)
အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။
ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ၀ါသနာပါပုံရတယ်ကွဲ့။)
အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။ စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။
********************************************************************
ကဲစာဖတ်သူတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။ သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။ ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့ကွယ်။
ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။
မောင်၊ညီမလေးတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလားကွယ်။
တဆက်တည်း မေးလိုက်ချင်သေးတာကလဲ ကိုယ်ကိုတိုင်ကော ဘယ်နှခါလောက် အဲလိုလုပ်မိပီးပီလဲဟင်?? :D :P
........................................................
စိတ်ဖိစီးမှုတွေအတွက်
တနေ့မှာ ဆရာက “စိတ်ဖိစီးမှုကို ကိုင်တွယ်ထိန်းချုပ်ပုံ” အကြောင်း ရှင်းပြရင်းနဲ့ (လုပ်ငန်းခွင် ၀င်နေပြီဖြစ်တဲ့) ကျောင်းသားတွေကို ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခွက် မြှောက်ပြပြီး မေးလိုက် ပါတယ်။ “ဒီခွက် ဘယ်လောက် လေးမယ်လို့ ထင်ကြလဲ?”ကျောင်းသားတွေက ၂၀ ဂရမ် ကနေ ၅၀၀ ဂရမ်အထိ အဖြေအမျိုးမျိုး ပေးကြပါတယ်။ အဲဒီအခါ ဆရာက “တကယ့် အလေးချိန်က အရေးမကြီးပါဘူးကွာ။ မင်းတို့ ခွက်ကို ဘယ်လောက်ကြာကြာ ကိုင်ထားလဲ ဆိုတာပေါ်ပဲ မူတည်တယ်။ ဆရာ ဒီခွက်ကို တစ်မိနစ် ကိုင်ထားရင် ဘာပြဿနာမှ မရှိဘူး။ တစ်နာရီ ကိုင်ထားရင်တော့ လက်မောင်းနည်းနည်း နာလာလိမ့်မယ်။ အဲ... တစ်နေကုန်ကိုင်ထားမိရင်တော့ လူနာတင်ယာဉ်တောင် ခေါ်ရလိမ့်မယ်။ ကိုင်ထားတဲ့ အချိန်တိုင်းမှာ ခွက်ရဲ့အလေးချိန်က ဒီအလေးချိန်ပါပဲ။ ဒါပေမယ့် ကြာကြာ ကိုင်ထားလေ ပိုလေးလာလေပဲ...”ဆရာက ဆက်ပြောပါတယ်... “စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ထိန်းချုပ်တာလည်း ဒီလိုမျိုးပါပဲ။ (စိတ်ဖိစီးမှုဖြစ်စေတဲ့) ၀န်ထုပ်ဝန်ပိုးတွေကို တချိန်လုံးသယ်ပိုးထားရင် (စိတ်ထဲမှာ ထည့်ထားရင်) အဲဒါတွေက အနှေးနဲ့အမြန်ပဲ ပိုပိုလေးလာပြီး ဆရာတို့တွေ တခြားဘာကိုမှ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒါတွေကို ဒီရေခွက်လိုပဲ အောက်ကိုချပြီး နောက်တစ်ခေါက် ပြန်ကောက်မကိုင်ခင်မှာ ခဏအနားယူရမယ်။ အနားယူပြီး ပြန်လန်းဆန်းလာပြီဆိုမှ အဲဒီဝန်ထုပ်ဝန်ပိုးကို ပြန်ယူပြီး လုပ်စရာရှိတာ ဆက်လုပ်ကြရမှာပဲ။ ဒါကြောင့် ဒီညအိမ်ကို မပြန်ခင် အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ချထားခဲ့ပါ။ အိမ်ကို သယ်မသွားပါနဲ့။ မနက်ဖြန်မှ အဲဒါတွေကို ပြန်ယူလို့ရတာပဲ။ အခုချိန် ကိုယ့်ကိုဖိစီးနေတဲ့ ဘယ်လိုဝန်ထုပ်ဝန်ပိုးပဲ ရှိသည်ဖြစ်စေ အဲဒါတွေကို ခဏလောက်တော့ ချထား(မေ့ထား)လိုက်ပါ။ ပြီးရင် အနားယူပါ။ အနားယူပြီးမှ ပြန်ယူလိုက်ပါ။ ဘ၀ဆိုတာ တိုတိုလေးပဲ။ ပျော်ပျော်နေကြပါ။
................................................................................
လိပ်ပြာလို

လူတစ်ယောက်ဟာ လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ တစ်နေ့တော့ ပိုးအိမ်လေးမှာ အပေါက်သေးသေး လေးတစ်ခု ပေါ်လာ ပါတယ်။ ပိုးအိမ်လေးကို ယူလာတဲ့လူလည်း အဲဒီအပေါက်လေးကနေ လိပ်ပြာလေး တိုးထွက်နေတာကို စိတ်ဝင်တစားနဲ့ နာရီပေါင်းများစွာ ထိုင်ကြည့်နေမိပါတယ်။ ကြည့်နေတုန်းမှာပဲ လိပ်ပြာလေး အပေါက်ကနေ ဆက်မထွက်နိုင် ရှာတော့ဘဲ ရပ်သွားပါတယ်။ သူ့ကို ကြည့်ရတာ အစွမ်းကုန်ကြိုးစားခဲ့ပြီး အပေါက်ကနေ ဆက်ထွက်နိုင်စွမ်း မရှိတော့တဲ့ ပုံပါပဲ။ထိုင်ကြည့်နေတဲ့လူလည်း လိပ်ပြာလေးကို ကူညီဖို့ဆုံးဖြတ်လိုက်ပြီး ကတ်ကြေးနဲ့ ပိုးအိမ်လေးကို ညှပ်ပြီးခွဲပေးလိုက်ပါတယ်။ အဲဒီအခါမှာ လိပ်ပြာလေး ပိုးအိမ်ထဲက အလွယ်တကူပဲ ထွက်လာပါတော့တယ်။ လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာဟာ နုနယ်တင်းရင်းလွန်းနေပြီး အတောင်ပံလေးတွေဟာလည်း တုန်ရီချိနဲ့နေရှာပါတယ်။လူလည်း လိပ်ပြာလေးရဲ့ကိုယ်ခန္ဓာ အချိန်တန်ရင် အနေတော်ကျုံ့သွားပြီး အတောင်ပံတွေကလည်း ကိုယ်ခန္ဓာကို ထိန်းနိုင်တဲ့အထိ ကြီးလာမယ့်အချိန်ကို ဆက်ပြီး စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ ဖြစ်မလာဘဲနဲ့ လိပ်ပြာလေးဟာ အဲဒီနုနယ်တင်းရင်းတဲ့ ကိုယ်ခန္ဓာလေးရယ် ချိနဲ့နဲ့ အတောင်ပံလေးရယ်နဲ့ပဲ အသက်ထက်ဆုံး နေသွားရရှာပါတယ်။ သူဘယ်တော့မှ ပျံနိုင်စွမ်း မရှိခဲ့ရှာပါဘူး။လိပ်ပြာလေးကို ကြင်နာသနားတာကြောင့် ခပ်မြန်မြန်ကူညီလိုက်တဲ့လူ နားမလည်ခဲ့တဲ့ အချက်က လိပ်ပြာလေးအပေါက်က တိုးထွက်နေစဉ်မှာ အားစိုက်ထုတ် လိုက်တိုင်း သူ့ကိုယ်ခန္ဓာထဲက ထွက်လာတဲ့ အရည်တွေဟာ အတောင်ပံတွေ ဆီကို ရောက်သွားကြပြီး အတောင်ပံတွေကို ပိုပြီးသန်စွမ်းလာစေပါတယ်။ ဒါကြောင့် ပိုးအိမ်ရဲ့အပေါက်က သေးသေးလေးဖြစ်နေရခြင်းနဲ့ အဲဒီအပေါက်သေးသေးလေးက တိုးထွက်နိုင်ဖို့ လိပ်ပြာလေးရဲ့ ရုန်းကန်အားစိုက်ရမှုတွေဟာ လိပ်ပြာလေး ပိုးအိမ်ထဲက အောင်အောင်မြင်မြင် ထွက်လာနိုင်တဲ့အချိန်မှာ အဆင်သင့် ပျံသန်းနိုင်စွမ်းရှိတဲ့ အတောင်ပံတစ်စုံ ရဖို့အတွက်ပါပဲ။တစ်ခါတစ်ရံမှာ ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစားရမှုတွေဟာ ကျွန်တော်တို့ဘ၀မှာ လိုကိုလိုအပ်တဲ့အရာတွေပါ။ ဘ၀ကို အခက်အခဲမရှိဘဲ ဖြတ်သန်းသွားရတယ်ဆိုရင် ကျွန်တော်တို့တွေ ချိနဲ့အားနည်းသူတွေပဲ ဖြစ်သွားကြမှာပါ။ ကိုယ်တကယ် သန်စွမ်းသင့်သလောက် သန်စွမ်းလာမှာ မဟုတ်တော့ပါဘူး။ လိပ်ပြာလေးတွေ ဘယ်တော့မှ ပျံသန်းနိုင်စွမ်း မရှိတော့သလိုမျိုးပေါ့။
ဇာတ်လမ်းကောင်းလေး တစ်ပုဒ် ဒီနေရာshwepyituမှာ ဖတ်ရလို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ အခက်အခဲတွေက ကျွန်တော်တို့ကို တကယ်ပဲ ပိုပြီး ရင့်ကျက်သန်မာစေပါတယ်။ အခက်အခဲတွေ ကြုံတွေ့စဉ်မှာ အစွမ်းကုန် စိုက်ထုတ်ခဲ့တဲ့ အင်အားတွေကလည်း နောင်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ စွမ်းရည်တွေအဖြစ် ပြောင်းလဲသွားပြီး ကိုယ့်ဘ၀မှာ အမြဲအထောက်အကူ ပြုနေတော့မှာပါ။ ပြဿနာတွေ အတားအဆီးတွေ ကြုံနေစဉ်မှာ ဖြတ်ကျော်ချင်ဇောနဲ့ အစွမ်းကုန် ကြိုးစားရုန်းကန်ပြီး အောင်မြင်သွားတဲ့အခါမှာ အသီးအပွင့် ခံစားရတဲ့ အတွေ့အကြုံကို အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။ လူ့ဘ၀မှာ ရုန်းကန်နေရသရွေ့ အခက်အခဲနဲ့မှ မကင်းနိုင်တာနော်...။ အားလုံး အသန်မာဆုံး အတောင်ပံတွေနဲ့ ပျံသန်းနေတဲ့ လိပ်ပြာလေးတွေ ဖြစ်ကြပါစေ...း)

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.