0

စွန့်လွှတ်လိုက်ပါ

Posted by ဖြိုးဇာနည် on Monday, November 03, 2008 in
တခါတုန်းက သိပ္ပံပညာရှင်တစ်ယောက်ဟာ လေ့ကျင့်မှုပေါင်းများစွာ အားထုတ်မှုပေါင်းများစွာကို ဖြတ်သန်းအပြီးမှာ သူနဲ့ပုံစံတူကို ပြန်ဖန်တီးနိုင်တဲ့အတတ်ကို တတ်မြောက်သွားပါတယ်။ သူ့အတတ်ပညာဟာ ပြီးပြည့်စုံလွန်းတော့ ဘယ်သူက ဖန်တီးထားတဲ့အတု ဘယ်သူက တကယ့်အစစ်လို့တောင် ခွဲခြားပြီး မပြောနိုင်ကြပါဘူး။

သူ့ရဲ့နည်းပညာက အရမ်းအောင်မြင်ပေမယ့် တနေ့ သုတေသနလုပ်နေတုန်းမှာ မရဏနတ်သားက သူ့ကို လိုက်ရှာနေပြီမှန်း သိလိုက်ရပါတယ်။ အဲဒါနဲ့ ထာဝရအသက်ရှင် နေနိုင်ဖို့ သူနဲ့တပုံစံထဲဖြစ်တဲ့ ကိုယ်ပွားပေါင်း တစ်ဒါဇင်လောက်ကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ဖန်တီးမှုဟာ ပြည့်စုံစေ့စပ်လွန်းတော့ အားလုံးဟာ သူနဲ့တထပ်တည်းကို တူနေပါတယ်။

မရဏနတ်သား ဆင်းလာတဲ့အခါမှာတော့ သူ့အရှေ့မှာရှိတဲ့ လူ(၁၃)ယောက်ထဲက ဘယ်သူဟာ တကယ့် သိပ္ပံပညာရှင်အစစ်လဲဆိုတာ မသိနိုင်ဘဲ ရှုပ်ထွေးသွားပါတော့တယ်။ အဲဒါနဲ့ သူတို့ကို ထားခဲ့ပြီး နတ်ပြည်ကို ပြန်တက်သွားပါတယ်။

သိပ်မကြာလိုက်ပါဘူး လူ့သဘာဝကို ကောင်းကောင်းနားလည်ကျွမ်းကျင်သူ မရဏနတ်သားဟာ သိပ်ကောင်းတဲ့ အကြံအစည်တစ်ခု ရသွားပါတယ်။ နတ်သားဟာ ပြန်ရောက်လာပြီး ရှိနေတဲ့ လူ(၁၃)ယောက်စလုံးကို ဦးတည်ရင်း သိပ္ပံပညာရှင်ကို ပြောတဲ့အနေနဲ့ပြောလိုက်ပါတယ်။ “သိပ္ပံပညာရှင်ကြီး... ခင်ဗျားဟာ ကိုယ်နဲ့ပုံတူတွေကို ပြီးပြည့်စုံအောင် ဖန်တီးတဲ့နည်းပညာမှာ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပါပဲ။ ဒါပေမယ့် ခင်ဗျားရဲ့ဖန်တီးမှုမှာ ချို့ယွင်းချက်လေးတစ်ခု ရှာတွေ့ပါတယ်။ ချို့ယွင်းချက် သေးသေးလေး တစ်ခုထဲပါ”

သိပ္ပံပညာရှင်ဟာ ချက်ချင်းပဲ ထပြီး “မဖြစ်နိုင်ဘူး။ ဘယ်မှာလည်း ချို့ယွင်းချက်!!!” လို့အော်ပြောပါတော့တယ်။

“ဒီမှာပါပဲ” လို့ မရဏနတ်သားက ဖန်တီးထားတဲ့အတုတွေကြားထဲက သိပ္ပံပညာရှင်အစစ်ကို ရွေးထုတ်လိုက်ပြီး ခေါ်ယူတဲ့ အချိန်မှာ ပြောလိုက်ပါတော့တယ်...

သိပ္ပံပညာရှင် နဲ့ သူ့ပုံတူတွေကိုဖန်တီးတဲ့ နည်းပညာရဲ့ ရည်ရွယ်ချက်ဟာ သူ့ရဲ့အတ္တမာနကို မထိန်းချုပ်လိုက်နိုင်တဲ့ အချိန်မှာပဲ ပျက်စီးသွားခဲ့ပြီး အသက်ပါ ဆုံးရှုံးခဲ့ရပါတယ်။

ဇာတ်လမ်းကရခဲ့တဲ့ သင်ခန်းစာကတော့... ကိုယ့်ရဲ့ဗဟုသုတနဲ့အရည်အချင်းက ကိုယ့်ကို လှေကားရဲ့ထိပ်ဆုံးအထိ သယ်ဆောင်သွားပြီး အောင်မြင်မှုတွေရနေစေတဲ့ အချိန်မှာပဲ “အတ္တမာန”က အောက်ဆုံးကို ဆွဲချသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အတ္တမာနတွေကို စွန့်လွှတ်လိုက်ပါ...
စာရေးသူ - ရွှေပြည်သူ at 11:23 PM

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.