0

မှတ်သားစရာလေးတွေကိုဒီနေရာမှာစုစည်းထားပါတယ်

Posted by ဖြိုးဇာနည် on Monday, November 03, 2008 in
ဒေါသနည်းအောင်နေနည်း(၁)
ဆရာတော်ဦးဇောတိကရဲ့ “မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း” တရားတော်များပါခင်ဗျာ။ မမရွှေပြည်သူ ကျွန်တော့်ကို ဓမ္မဒါနပေးဝေတာ အရမ်းသဘောကျမိလို့ ပြန်ပြီး မျှဝေတာပါ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ တကယ်ကို လက်တွေ့အသုံးဝင်တာမို့လို့ နေတတ်အောင် အများကြီး ကြိုးစားရဦးမယ့် ကျွန်တော်လည်း ကိုယ့်ဘာသာ မကြာခဏပြန်ဖတ်လို့ ရအောင် တင်ထားတာပါ။ ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာ တရားတော်တွေဟာ လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ပြီးပြည့်စုံလှတယ်လို့ ထင်မြင် ကျေနပ်မိပါတယ်။ အားလုံး ငြိမ်းချမ်းကြပါစေတော်...

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက် ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။


သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ။ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
သုံးနေကျ ပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ။ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာ မဖြစ်အောင်နော်။
ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့ မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါ စိတ်ဆင်းရဲရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ် ။ ကိုယ့်ရည်မှန်းချက်ကို နည်းနည်းချင်း ဖြေးဖြေးမြှင့်ပါ။
ကိုယ့်အတွက် အရေးကြီးတဲ့ကိစ္စကို လုပ်ဖို့ အချိန်လုံလောက်အောင် စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်းတယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကို လုပ်ဖို့အားတက်လာမယ်။
စနစ်တကျ လုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန် သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်းရတာလဲ နည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နည်းသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျရင် လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာ ကောင်းတယ်။ အခုလုပ်ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ်လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင် ပြုပြင်ပါ။ ရှုပ်ထွေး ၊ညစ်ပတ် ၊နံစော်နေတဲ့ နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာ မရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲပေါ်မှာ စိတ်ကို အနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မယ့် ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာ ကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကို ကြည်လင်အေးချမ်း သွားစေနိုင်တဲ့ ရှုခင်းဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက်နေတယ်လို့ မှန်းကြည့်ပါ။ ကိုယ်မြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောင့်အယှက်မှ မရှိဘူး။
အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင် မတတ်နိုင်ရင်တော့ နည်းနိုင်သမျှ နည်းအောင် လုပ်ပါ။
ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ် တတ်တာသဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီ တောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်။
စိတ်အေးအေးချမ်းချမ်း နေချင်ရင် သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာ ကောင်းတယ်။ အထူးသဖြင့် သူများမကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်က သူများမကောင်းကြောင်းကို ပြောရင် ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာ မဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောဘဲထားလိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။
စိတ်အနှောင့်အယှက်ဖြစ်ရတာ နည်းချင်ရင် မလိုအပ်ဘဲနဲ့ လူများများနဲ့ မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့တစ်နေ့ လူတွေနဲ့ စကားပြောရတာ နည်းမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ ပြောချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကို မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူကို ပြောရင် ကိုယ်ပါ စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေ များလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မယ့်အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ်ဆိုတာကို သေသေချာချာ စဉ်းစားပါ ။
အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေး လုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ ပိုများတယ်။ မှားလို့ ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် “အရင်လိုရင် အရနှေးတယ်” လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။
လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လို အခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ့်ကို အင်မတန်သဘောကောင်းတယ်လို့ မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင် မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်စေတနာ မှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ် မညီတာတွေ များလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာ မဟုတ်တော့ဘူး ။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ ။ ပေးနိုင်တာထက် နည်းနည်းလျှော့ပြောတာ ကောင်းတယ်။
အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငြင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ငြင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ်သိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်း မဖြေသင့်ဘူး။
အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကို မွေးယူရမယ်။
ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှု ရှိပါတယ်၊ အခက်အခဲ ရှိပါတယ် ။ ဆရာဝန်အလုပ် ခက်သလို ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ် ခက်သလို ကားမောင်းတဲ့ အလုပ်လည်း ခက်ပါတယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့အသက်ကို လုနေရတဲ့အခါမျိုးမှာ သေမင်းနဲ့ ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုးတကြီးနဲ့ ကြည့်တဲ့မျက်လုံးရဲ့ အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ ကျောင်းသားရဲ့စိတ်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတော့သလို ဖြစ်သွားတာဟာ တော်တော်သနားစရာ ကောင်းပါတယ်။ ကိုယ့်တပည့်လေး အောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့ မလွယ်တော့ဘူး။
လူများများနဲ့ ဆက်ဆံရတဲ့ အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကို စိတ်ကျေနပ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုး ကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့ တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး။ စိတ်ရှည်ရှည်ထားမယ်လို့ မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ ။ သူတို့ကို နားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေး အဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက်စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်ကကိုယ်ချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီး နေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစား ဆွေးနွေးပါ။
......................................................................................................................................
glitter-graphics.com
စောင့်တတ်သူ
ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါသတဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။

အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ သူပြန်မရောက်မချင်း အစားအသောက်တွေကို ဘယ်သူမှ မစားနှင့်ပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။

သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်... ခြောက်နှစ်... ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက်ပါတယ်။
“တွေ့လား! သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး...”

လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။

Forward Email .....မမရွှေပြည်သူ ဆီက ရတဲ့ ဇာတ်လမ်းလေးကို ပြန် မျှဝေပေးတာပါ်။ ကျွန်တော်လည်း လိပ်ကလေးလိုမျိုး မဖြစ်အောင် ကြိုးစားနေရပါဦးမယ်.....ဖြိုးဇာနည်.....pး)
..........................................................................................
glitter-graphics.com
ဖားအော်သံများ
လယ်သမားကြီးတစ်ယောက် မြို့ပေါ်က စားသောက်ဆိုင် တစ်ဆိုင်ထဲကို ၀င်လာပြီး ဆိုင်ပိုင်ရှင်ကို ဖားခြေထောက် တစ်သန်းလောက် လိုချင်လားလို့ မေးပါတယ်။ ဆိုင်ပိုင်ရှင်လည်း အံ့သြသွားပြီး ဒီလောက်များတဲ့ ဖားခြေထောက်တွေကို ဘယ်ကရမှာလည်းလို့ မေးလိုက်ပါတယ်။ လယ်သမားကြီးက “ကျုပ်အိမ်နားက ရေကန်တစ်ကန်ထဲမှာ ဖားတွေအပြည့်ပဲ။ တစ်သန်းလောက် ရှိတယ်။ အဲဒီ အကောင်တွေ တစ်ညလုံးကို အော်ဟစ်ဆူညံနေတာ။ ကျုပ်ရူးတောင် ရူးချင်တယ်” လို့ ပြောပါတယ်။

ဒီလိုနဲ့ ဆိုင်ပိုင်ရှင်နဲ့ လယ်သမားကြီးတို့ တစ်ပတ်ကို ဖားအကောင်(၅၀၀) နှုန်းနဲ့ အရောင်းအ၀ယ်လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။

ပထမဆုံးအပတ်မှာပဲ လယ်သမားကြီးက ဖားပိန်လေး(၂)ကောင်ကို ကိုင်ရင်း ရှက်တက်တက် မျက်နှာပေးနဲ့ စားသောက်ဆိုင်ကို ပြန်ရောက်လာပါတယ်။ ဆိုင်ပိုင်ရှင်က “ခင်ဗျား... ဖားတွေရော” လို့ မေးတော့ လယ်သမားကြီးက “ကျုပ်... မှားပြောတာဗျ။ အမှန်က ကန်ထဲမှာ ဒီ(၂)ကောင်ပဲ ရှိတာ။ ဒါပေမယ့် ဒီကောင်တွေရဲ့ အသံက တော်တော့ကို ဆူတာပဲဗျာ” လို့ ပြန်ပြောလိုက်ပါတယ်။

နောက်တစ်ခါ တစ်စုံတစ်ယောက်က သင့်ကို ဝေဖန်ရှုံ့ချတာ၊ လှောင်ပြောင်သရော်တာ ကြုံတိုင်း ဒါဟာ သံသေးသံကြောင်နဲ့ အော်နေတဲ့ ဖား(၂)ကောင်ပဲ ဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။ ပြဿနာတွေဟာ အမှောင်ထဲမှာ (ရှင်းရှင်းလင်းလင်း မသိရခင်မှာ) ပိုပြီး ကြီးမားသယောင် ဖြစ်နေတတ်တာကိုလည်း မမေ့ပါနဲ့။ ဖားအကောင် (၁)သန်းလောက်ရဲ့ အော်သံတွေလို ကိုယ့်ကိုလွှမ်းမိုးဖိစီးနေတဲ့ အရာတွေအတွက် အိပ်ယာထဲမှာ စိတ်ပူပန်မှုကြီးစွာ ဖြတ်သန်းရတဲ့ ညတွေ ကြုံဖူးပါသလား။ တကယ်တော့ နောက်တနေ့ မနက်ရောက်လို့ ပြဿနာကို သေချာဆန်းစစ်ကြည့်တဲ့အခါ ကိုယ်ပူပန် တုန်လှုပ်နေတဲ့ကိစ္စ ဘယ်လောက် သေးငယ်သလဲဆိုတာကို တအံ့တသြ တွေ့ရဖို့များပါတယ်။

Forward Email ကရတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်ပြီး မျှဝေတာပါ်။ ကျွန်တော်တသက်မှာလည်း ဖားအော်သံတွေကြောင့် ဆုံးရှုံးခဲ့တဲ့ ညအိပ်ချိန်တွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ နေ့ခင်းအချိန်တွေ မနည်းလှတော့ပါဘူး။ အမှောင်ထဲက ဖားအော်သံတွေကို လိုတာထက် ပိုဂရုစိုက်တတ်တဲ့ ကျွန်တော့်အကျင့်ကို ပြင်ရဦးမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမရင်း အားလုံးလည်း အပြုသဘောမဆောင်တဲ့ ဖားအော်သံတွေနဲ့ ဝေးနိုင်သမျှဝေးပြီး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။
ဖြိုးဇာနည်......ည၆း၅၈

........................................................................................................
glitter-graphics.com
ကောင်းသွားလိမ့်မယ်
သေချာတာတော့ စိတ်တွေ တအားရှုပ်ထွေးနေခဲ့တာပါပဲ။ အစ်ကိုလို ခင်တဲ့ သူငယ်ချင်း တစ်ယောက်ကိုလည်း ဖုန်းဆက်ပြီး ဟိုမေးဒီမေး ဟိုပြောဒီပြောနဲ့ သူ့အချိန်တွေကို ဖြုန်းမိတယ် (အဲဒီအတွက် သူငယ်ချင်းကိုလည်း တောင်းပန်ပါတယ်း) အဲဒီစိတ် အခြေအနေကြီးကို မုန်းပေမယ့် ကိုယ့်ဘာသာပဲ ဖန်တီးခဲ့မိတာဆိုတော့ မထွေးနိုင်မအံနိုင်ပေါ့။ မတော်တဆမှားတဲ့ အမှားထက် အချိန်ယူပြီး လုပ်မိတဲ့ အမှားက နောင်တကို ပိုကြီးစေတာကြောင့် ပူလောင်လိုက်တာ မပြောပါနဲ့တော့။ သေးသေးလေးကို အကြီးချဲ့နေမိတာလား၊ အကြီးကြီးကို သေးသေးလေးဖြစ်အောင် ကြိုးစားပမ်းစား လုပ်နေရတာလားတော့ မသိတော့ပါဘူး။ ကိုယ့်အမှားအတွက် ကိုယ့်တစ်ယောက်ထဲကိုပဲ ထိခိုက်တာတော့ သိပ်ကို မျှတပါတယ်လေ။ gtalk မှာ “မှားသွားတယ် ထင်တယ်” လို့ Custom Message တင်မိတော့ အစ်ကို ငြိမ်းဇေဦးက ကဗျာတစ်ပုဒ် လှမ်းပို့ပါတယ်။ ကဗျာခေါင်းစဉ်က “ကောင်းသွားလိမ့်မယ်”တဲ့။

ကောင်းသွားလိမ့်မယ်

ဘယ်နေရာမှာမှားတာလဲ
အမှား မှာ ချုပ်ရိုးပါသလား
ဒါမှမဟုတ် အမှားဟာ သံမဏိသားလို
မာမာကျောကျောကို မှားနေသလား
ဒါမှမဟုတ် အမှားဟာ ငါဟာ အမှားပါကွယ်လို့
့ရေရေလည်လည် ကြွေးကြော်နေသလား
အမှားကို အနားကပ်ပြီး ဆောင့်ကန်ချလိုက်
ပြီးတော့ ဟားတိုက်ရယ်
အားလုံးကောင်းသွားလိမ့်မယ်....................။

ငြိမ်းဇေဦး

လူတိုင်းမှားတတ်တယ်တဲ့။ ဒါပေမယ့် တခါတလေ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ရတာ သိပ်ခက်နေပြန်ရော။ ကဗျာဘေးက ဓာတ်ပုံလေးကို ဘောင်ကွပ်တော့ အဖြူရောင် ရွေးထားရာကနေ အမည်းရောင်ကို ပြောင်းလိုက်မိတယ်။ ခုတလော ကိုယ်က အဖြူရောင်နဲ့ သိပ်မထိုက်တန်သလိုပဲ။ အမှားကို အနားကပ်ပြီး ဆောင့်ကန်ဖို့ သတ္တိတွေမရှိသေးပေမယ့် ကဗျာဖတ်အပြီးမှာ သက်ပြင်းချပြီး ပြောမိတယ်။ ကောင်းသွားလိမ့်မယ် ထင်ပါတယ်လို့။

စိတ်သက်သာရာ ရစေတဲ့ ကဗျာအတွက်ရော Blog မှာ တင်ခွင့်ပေးတဲ့အတွက်ပါ အစ်ကိုငြိမ်းဇေဦးကို ကျေးဇူးတင်ပါတယ်။
(စာရေးသူ---မူရင်းshwepyituမှကောင်းမည်ထင်သောကြောင့်ထပ်ဆင့်တင်ပြလိုက်ရပါသည်)ဖြိုးဇာနည်....ည၇း၀၃ တိတိ
...................................................................................
glitter-graphics.com
အဖေ့ကိုယုံတယ်

ကျုပ်လက်ကိုဆွဲပြီး ခုန်ဆွခုန်ဆွ လမ်းလျှောက် နေတဲ့ သားလေးခမျာ အရမ်းပျော်နေရှာပုံပဲ။ ပျော်မယ်ဆိုလည်း ပျော်လောက်တယ်လေ။ သူအမြဲလိုချင်ခဲ့တဲ့ စက်ဘီးလေးကို ကျုပ်က ဒီနှစ်ဘုရားပွဲမှာ ၀ယ်ပေးမယ်ပြောပြီး ခေါ်လာတာကိုး။ သူ့ခမျာ မနှစ်ကဘုရားပွဲမှာ သူ့အစ်ကိုဝမ်းကွဲ ဖိုးတုတ်ကို ကိုရင်အေးတို့ စက်ဘီးဝယ်ပေးကတည်းက အားကျပြီး ကျုပ်ကတိပေးတဲ့အတိုင်း တစ်နှစ်လုံးလုံး စောင့်နေရှာတာ။ ဖြစ်ချင်တော့ ဒီနှစ်ကျမှ လယ်ကလည်း မကောင်းတော့ ခါတိုင်းနှစ်တွေလို ငွေမရွှင်ဘူးဗျာ။ အခြေအနေကြည့်ရမှာပဲ။

ဘုရားပွဲဈေးမှာ နှစ်တိုင်းလာခင်းနေကျ စက်ဘီးဆိုင်ရဲ့ ရောင်းပုံကလည်း ဆန်းသားဗျ။ စက်ဘီးတွေကလည်း တပတ်ရစ်လား နှစ်ပတ်ရစ်လား မသိတဲ့ အဟောင်းလေးတွေကို ပြန်သထားတာပါ။ သထားပေမယ့် ခပ်နွမ်းနွမ်းပါပဲ။ ကျုပ်တို့အတွက်ကတော့ စီးလို့ရရင်ပဲ တော်လှပါပြီ။ ကလေးစီးရော လူကြီးစီးရော စုံနေတာပါပဲ။ အဲ... အဲဒီ စက်ဘီးတွေကို ဈေးအတိအကျ သတ်မှတ်မထားဘဲ လေလံတင်သလိုမျိုး အများဆုံးပေးနိုင်တဲ့ သူကိုရောင်းတာဗျ။ ကြမ်းခင်းဈေးကတော့ သူတို့ခေါ်တာပေါ့ဗျာ။ အဲဒါက တော်တော်သက်သာပါတယ်။ “သားလေး လိုချင်တဲ့ စက်ဘီးလေး ဈေးသက်သာပါစေ။ ဈေးပြိုင်ပြောတဲ့သူ မရှိပါစေနဲ့”လို့ပဲ ကြိတ်ဆုတောင်းနေရတယ်ဗျာ။

ပြောရင်းဆိုရင် စက်ဘီးဆိုင်ရှေ့တောင် ရောက်လာပါရောလား။ လူတွေကလည်း များသား။ သားလေးက ကျုပ်လက်ကို ဆွဲလှုပ်လိုက်တာကြောင့် ငုံကြည့်လိုက်တော့ မျှော်လင့်တကြီး မျက်လုံးတွေနဲ့ ... “အဖေ... သားကို တကယ်ဝယ်ပေးမှာနော်” လို့ ထပ်မေးရှာပါတယ်။ ကျုပ်လည်း မဆိုင်းမတွပဲ... “၀ယ်ပေးမှာပေါ့သားရဲ့... အဖေရအောင်ကို ဈေးပြိုင်ပေးမယ်။” လို့ သားလေးကို သနားစိတ်နဲ့ ခိုင်ခိုင်မာမာ ပြောလိုက်မိတယ်။

ကျုပ်ဆုတောင်း မပြည့်ပါဘူးဗျာ။ သားကြိုက်တယ်လို့ လက်ညှိုးထိုးပြတဲ့ အပြာရောင် ကလေးစီးစက်ဘီးလေးကို တခြား၂ဦးလောက်ကလည်း ကြိုက်နေပုံရတယ်။ ကြမ်းခင်းဈေး စအော်တော့ ကျုပ်တတ်နိုင်တဲ့ဈေး။ သားလေးကလည်း လက်ကလေး ထောင်ပြီး ဈေးပေးပါတော့တယ်။ အဲဒီအခါ တခြား၂ယောက်ကလည်း အပြိုင်အဆိုင် ဈေးပေးကြပါလေရော။ သူပေးငါပေးနဲ့ ဈေးက ကျုပ်မှန်းထားတာထက် တဖြည်းဖြည်း ကျော်ခါနီးလာတယ်။ ကျုပ်လည်း စိတ်ပူစပြုလာပြီး သားလေးကို ငုံကြည့်မိတော့ သားက အားရှိပါးရှိ လက်ကလေး တစ်ထောင်ထောင်နဲ့ ဈေးပေးလို့။ သူ့ကိုလည်း မတားရက်။ အဲဒီအချိန်မှာပဲ အနားမှာရပ်နေတဲ့ ကျုပ်သူငယ်ချင်း ကိုသာအောင်ကြီးက သားလေးကို “ဟေးကောင်လေး လက်ကိုချည်း စွတ်ထောင်မနေနဲ့ကွ။ မင်းအဖေမှာ ပိုက်ဆံရှိရဲ့လားလည်း မေးဦး” လို့ လှမ်းပြောတယ်။ အဲဒီအခါ သားလေးက “ဟာ... ဦးလေးသာအောင်ကလည်း။ အဖေက သားကို တကယ်ဝယ်ပေးမှာဗျ။ အဖေ့ကို သားယုံတယ်” လို့ ပြန်ပြောလိုက်တယ်။ အဲဒီ စကားလေးနဲ့တင် ကျုပ်မှာ ဘယ်ကဘယ်လို အားတွေဝင်လာလည်း မသိပါဘူးဗျာ။ “သားရေ ကြိုက်သလောက်သာ လက်ထောင်စမ်းကွ။ အဖေ နွားနဲ့ဖက်ရုန်းပြီး စုထားသမျှတွေ ကုန်ချင်ကုန်ပစေ။ ဒီည ငါ့သားကို အဖေစက်ဘီးရအောင် ၀ယ်ပေးမယ်ကွ” လို့ စိတ်ထဲက အပြီးသတ် ကျုံးဝါးလိုက်မိတယ်။ အခုချိန်အထိ အဲဒီစက်ဘီးလေးအတွက် နောက်ဆုံးဈေးဘယ်လောက် ဖြစ်မလဲဆိုတာ ကျုပ်မသိသေးပါဘူး။ ဒါပေမယ့် ကျုပ်သေချာသိတာ တစ်ခုတော့ရှိတယ်။ ကျုပ်သားလေးအတွက် အဲဒီစက်ဘီးကို ကျုပ်... ဒီည သေချာပေါက် ရလိမ့်မယ်။
ဖြိုးဇာနည်.....အချိန်လား?နာရီဓါတ်ခဲအားကုန်သွားလို့
..............................................................................................................
အခိုင်မြဲဆုံးလက်
ကောင်မလေးတစ်ယောက်နဲ့ သူမအဖေတို့ တံတားတစ်ခုကို ဖြတ်ကူးနေတုန်းကပေါ့။

အနည်းငယ် စိုးရိမ်ထိတ်လန့်နေတဲ့ အဖေက သူ့သမီးလေးကို ပြောလိုက်တယ်။
“သမီးလေး... မြစ်ထဲပြုတ်ကျမသွားအောင် အဖေ့လက်ကို ကိုင်ထား...”

သမီးလေးက “ဟင့်အင်း အဖေ။ အဖေပဲ သမီးလက်ကို ကိုင်ထားနော်။”

အဖေဖြစ်သူက နားမလည်ဟန်နဲ့ “ဘာများကွာလို့လည်း သမီးရဲ့။”

သမီးလေးက သေချာပြန်ဖြေလိုက်တယ်။
“အများကြီးကွာတာပေါ့ အဖေရဲ့။ သမီးသာ အဖေ့လက်ကိုကိုင်ထားပြီး တစ်ခုခုဖြစ်ခဲ့ရင် သမီးကအဖေ့လက်ကို လွှတ်ချင်လွှတ်လိုက်မိမှာ။ ဒါပေမယ့် အဖေကသမီးလက်ကို ကိုင်ထားရင်တော့ ဘာတွေပဲဖြစ်ဖြစ် လွှတ်မှာမဟုတ်ဘူးဆိုတာ သမီးသေချာသိလို့ပါ...”

ဇာတ်လမ်းရဲ့ဆိုလိုရင်း။ ။ ကိုယ်ကို့ ချစ်ခင်နှစ်သက်တဲ့သူတွေက ကိုယ့်လက်ကို ဆုပ်ကိုင်လာတာကို မျှော်လင့်နေမယ့်အစား ကိုယ်ကပဲသူတို့ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပါနော်။
စာဖတ်သူအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ..ဖြိုးဇာနည်

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.