0

ခွက်ပဲ့လေးတစ်လုံး

Posted by ဖြိုးဇာနည် on Thursday, November 13, 2008 in

glitter-graphics.comဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလို ဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်း ရှိလိမ့်မယ်။ ဒါပေမဲ့ကျွန်တော်ဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့ အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။

ချကျွေးတဲ့အစာကို စားပြီးရင် အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့ နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော မပေးခဲ့ဘူး။

“မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?”

အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။

“ကလေးက ကလေးနေရာမှာနေ။ အသက် ၇ဝကျော် မျက်စိနေတဲ့ အဘွားကြီးကို အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး” အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ်။

အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့် ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။

ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး “ ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်” လို့မေးလိုက်တယ်။

“မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ် စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ” မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။

“ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း” ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ် လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။

အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့ သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။


မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ်။

အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင် နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။


စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ


နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို “ ခဏနေ ဧည့်သည်လာရင် အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်” လို့ မှာတယ်။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ် ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ်။

ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက် အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။

“ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး” သားပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ “မေမေ .. ဘွားဘွားကိုလည်း သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ” လို့ တောင်းဆိုလိုက်တယ်။

“သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ”

အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။


နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန


သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။

“သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား” လို့ မြေးအကြီးက တောင်းဆိုတယ်။

“ဆရာမက ပြောတယ် “လူကြီးမိဘတွေကို ရိုသေလေးစားရမယ်” တဲ့။ မေမေ လုပ်ပုံက မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား” မြေးမလေးက ဝင်ထောက်ပြန်တယ်။

“ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ ပြောသလို လုပ်ပါနော် ဘွားဘွား” အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ်။

ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့... ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ်။

“ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း”

ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက ပိုကျယ်လောင် နေပါတယ်။

“ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့”

အဲဒီအချိန်မှာ မြေးကြီးက “အဘွားကလဲကွာ.. ပန်းကန်ကို လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားလေ” ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ်။

“မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက် မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?”

သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။ nine nine sanay
ဖြိုးဇာနည်......ည၆း၅၀

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.